အသင့်ရှိ

February 5, 2020

နျူကလီးယား သဘောတူညီချက်ကိစ္စ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိဟု အီရန်သမ္မတ ပြော

နျူကလီးယား သဘောတူညီချက် အရေးကိစ္စတွေကို ဖြေရှင်းဖို့ရာ အီရန်အနေနဲ့  အီးယူနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ရှိတယ်လို့ အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီက ဖေဖော်ဝါရီလ ၃ ရက်မှာ ပြောလိုက်ပါတယ်။  အီရန်နိုင်ငံကို လာရောက်ပြီး အရှေ့အလယ်ပိုင်းဒေသ တင်းမာမှုတွေကို ဖြေလျှော့ဖို့ ကြိုးပမ်းတဲ့ အီးယူနိုင်ငံခြားရေးရာ အကြီးအကဲ ဂျိုးဆက်ဘော်ရယ်နဲ့ တွေ့ဆုံချိန်မှာ အီရန်သမ္မတက အဲဒီလို ပြောလိုက်တာ ဖြစ်ပါတယ်။ ၂၀၁၅ အီရန် နျူကလီးယားသဘောတူညီချက်အရ နိုင်ငံတကာဒဏ်ခတ်မှု အများစုကို ဖယ်ရှားပေးဖို့အတွက် အီရန်အစိုးရဟာ နျူကလီးယား လုပ်ဆောင်ချက်တွေကို လျှော့ချဖို့ သဘောတူခဲ့ပါတယ်။ ဒါပေမဲ့လည်း ၂၀၁၈ မှာ အမေရိကန်အစိုးရက အဲဒီသဘောတူညီချက်ကနေ နုတ်ထွက်ပြီး အီရန်အပေါ် ဒဏ်ခတ်မှုအသစ်တွေ ထပ်မံပြုလုပ်ခဲ့ပါတယ်။ ဒါကြောင့် သဘောတူညီချက်ပါ နိုင်ငံတွေအနေနဲ့ အီရန်စီးပွားရေးကို အမေရိကန် ဒဏ်ခတ်မှုတွေကနေ ကာကွယ်ဖို့နဲ့ သဘောတူညီချက်ပါ ခံစားခွင့်အားလုံးကို အီရန် အပြည့်အဝ ရစေဖို့ မနှစ်ကစပြီး အီရန်ဟာ သဘောတူညီချက်ပါ ဆုံးဖြတ်ချက်တွေကို စတင်လျှော့ချခဲ့ပါတယ်။ အီရန်အာဏာပိုင်တွေက သူတို့လုပ်ဆောင်ချက်အားလုံးဟာ သဘောတူညီချက် မူဘောင်အတွင်းမှာရှိပြီး သူတို့ပရိုဂရမ်ကို နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ စောင့်ကြည့်တာ ခံယူဖို့ သန္နိဋ္ဌာန်ချထားဆဲ ဖြစ်တယ်လို့ ပြောပါတယ်။ အီရန် နျူကလီးယား သဘောတူညီချက်နဲ့ ပတ်သက်လို့ ဥရောပနိုင်ငံတွေက ကုလလုံခြုံရေးကောင်စီအထိ တင်မယ်ဆိုရင် အီရန်အနေနဲ့ နျူကလီးယား မပြန့်ပွားရေး စာချုပ်ကနေ နုတ်ထွက်နိုင်တယ်ဆိုပြီး အီရန် နိုင်ငံခြားရေးဝန်ကြီးက ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ပြောခဲ့ပါတယ်။
1 year Ago
Up