အက်စ်ထရာဇန်နက်ကာ ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို အသက် ၆၅ နှစ်အောက် လူတွေကိုသာ ထိုးပေးသင့်တယ်လို့ ဂျာမနီ ကာကွယ်ဆေးကော်မတီက ဇန်နဝါရီ ၂၈ ရက်မှာ အကြံပြု ပြောပါတယ်။
အသက် ၆၅ နှစ်နဲ့အထက် လူတွေမှာ ကာကွယ်ဆေး အစွမ်းထက်တာနဲ့ ပတ်သက်လို့ လုံလောက်တဲ့အချက်အလက် မရှိဘူးလို့ ကော်မတီက ကိုးကားပြောဆိုပါတယ်။
အက်စ်ထရာဇန်နက်ကာရဲ့အစွမ်းထက်မှု သုတေသနကို သက်ကြီးလူဦးရေရဲ့ အရေအတွက်အနည်းငယ်မှာသာ လုပ်ဆောင်ရသေးတယ်လို့ အီးယူစည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင်တွေက ပြောဆိုထားပါတယ်။
အက်စ်ထရာဇန်နက်ကာကာကွယ်ဆေးကို ဥရောပမှာ သုံးခွင့်ပြုမလားဆိုတာကို ဇန်နဝါရီ ၂၉ ရက်မှာ ဥရောပဆေးဝါးအေဂျင်စီက ဆုံးဖြတ်သွားမှာပါ။ ဥရောပအတွက် ကိုဗစ်ကာကွယ်ဆေး ပြတ်လပ်တာနဲ့ပတ်သက်လို့ အီးယူနဲ့ ထိပ်တန်း ကာကွယ်ဆေးထုတ် ကုမ္ပဏီတွေကြား အငြင်းပွားနေချိန်မှာပဲ ဒီသတင်းထွက်ပေါ်လာတာပါ။
ဥရောပအခြေစိုက် ကာကွယ်ဆေးထုတ်တဲ့ စက်ရုံတွေမှာ ထုတ်လုပ်ရေးပိုင်း ပြဿနာ ရှိတာမို့ အီးယူကို ကတိပေးထားတဲ့ ကာကွယ်ဆေးအရေအတွက် ပို့ပေးနိုင်မှာ မဟုတ်ဘူးလို့ ဗြိတိန်အခြေစိုက် အက်စ်ထရာဇန်နက်ကာ ကုမ္ပဏီကပြောတယ်လို့ ဘီဘီစီက ဖော်ပြပါတယ်။