အသက် ၆၀ ကျော်သူများ

October 11, 2020

အသက် ၆၀ ကျော်သူများ နေအိမ်တွင်ကြိုတင်မဲပေးနိုင်ရေး ဆောင်ရွက်ပေးရန် ကော်မရှင်များကို ညွှန်ကြား

မဲရုံကို ကိုယ်တိုင် လာရောက်ဆန္ဒမဲမပေးနိုင်တဲ့ အသက် ၆၀ နဲ့အထက် သက်ကြီးရွယ်အိုတွေ နေအိမ်မှာ ကြိုတင်ဆန္ဒမဲပေးနိုင်အောင် စီစဉ်ဆောင်ရွက်ပေးဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရပ်ကွက် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲတွေကို အောက်တိုဘာ ၁၀ ရက်နေ့က ညွှန်ကြားလိုက်ပါတယ်။  Stay at home သတ်မှတ်ထားတဲ့ မြို့နယ်တွေနဲ့ ၁ စတုရန်းကီလိုမီတာမှာ ပျမ်းမျှလူဦးရေ ၅,၀၀၀ အထက်ရှိတဲ့ မြို့နယ်တွေက အသက် ၆၀ ကျော်တွေကို အောက်တိုဘာ ၂၉ ရက်ကနေ နိုဝင်ဘာ ၅ ရက်နေ့အထိ နေအိမ်မှာ ကြိုတင်မဲပေးနိုင်ဖို့ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ ကော်မရှင်အဖွဲ့ခွဲတွေက စီစဥ်ဆောင်ရွက်ပေးရမှာပါ။  တခြားမြို့နယ်တွေမှာတော့  ကိုယ်တိုင်မဲပေးနိုင်တဲ့ အခြေအနေရှိပါက ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွေမှာ ကြိုတင်မဲပေးနိုင်ဖို့နဲ့ ကျန်းမာရေးအခြေအနေအရ ကိုယ်တိုင်လာမပေးနိုင်တဲ့ အသက်ကြီးသူတွေကို နေအိမ်ကနေပဲ ကြိုတင်မဲပေးနိုင်ဖို့ ရပ်​ကျေး ကော်မရှင်အဖွဲ့တွေက လုပ်ဆောင်ပေးရမယ်လို့ ညွှန်ကြားထားပါတယ်။ ၁ စတုရန်း ကီလိုမီတာမှာ ပျမ်းမျှလူဦးရေ ၅,၀၀၀ အထက်ရှိတဲ့ မြို့နယ်တွေကတော့ ရန်ကုန်တိုင်းအတွင်းမှာ ၂၉ မြို့နယ်အထိ ရှိနေပြီး မန္တလေးတိုင်းမှာတော့ မဟာအောင်မြေ၊ ချမ်းအေးသာဇံ၊ ချမ်းမြသာစည်၊ အောင်မြေသာဇံနဲ့ ပြည်ကြီးတံခွန်မြို့နယ်တို့ ပါဝင်နေပါတယ်။ သတင်း - နွေလှိုင်း(YU)
7 months Ago
Up