အသက် ၁၁၃ နှစ်

May 13, 2020

အသက် ၁၁၃ နှစ်အရွယ် စပိန်ဘွားသက်ရှည် COVID-19 ရောဂါကင်းစင် နေပြန်ကောင်းလာ 

စပိန်နိုင်ငံမှ အသက် ၁၁၃ နှစ်အရွယ် ဘွားသက်ရှည်ဟာ နေအိမ်မှာ COVID-19 ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပြီးနောက်မှာ ပြန်လည်ပျောက်ကင်းသက်သာလာခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။ အမေရိကန်နိုင်ငံမှာ မွေးဖွားတဲ့ အဘွား မာရီယာ ဘရန်ညာဟာ ပြီးခဲ့တဲ့ ဧပြီလတုန်းက သူ ပြီးခဲ့တဲ့ နှစ်ပေါင်း ၂၀ လုံးလုံး နေထိုင်ရာ အိုလော့ထ်မြို့ နေအိမ်မှာ ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတာ ဖြစ်ပါတယ်။ COVID-19 ဗိုင်းရပ်စ်ကြောင့် သေဆုံးရသူတွေဟာ သက်ကြီးရွယ်အိုတွေ အများစု ဖြစ်နေတာမို့ ခုလိုသတင်းအပေါ် အားလုံးက ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ကြရပါတယ်။ “သူ(အဘွား) အခု ရောဂါကူးစက်ခံရမှုကနေ လွတ်မြောက်ခဲ့ပါပြီ။ အားလုံး အဆင်ပြေနေပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက နောက်ဆုံးဆေးစစ်မှုမှာ ရလဒ်က Negative ပါ” လို့ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတဦးက ပြောပါတယ်။ အဘွား မာရီယာဟာ သားသမီး ၃ ယောက်တို့ရဲ့ မိခင်တယောက်ဖြစ်ကာ နေအိမ်မှာ သီတင်းပတ်ချီ Isolation ဝင်ခဲ့ရတာဖြစ်ပြီး ကျန်းမာရေးစစ်ဆေးမှုတွေနဲ့ ပြုစုကုသမှုတွေ လုပ်ဆောင်ခဲ့ရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ပိုင်းကာလတွေမှာ အဘွားမာရီယာရဲ့အကြောင်းကို စပိန်မီဒီယာတွေမှာ ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသမီးအဖြစ် ဖော်ပြခဲ့ကြတာပါ။ သူ့ကို ၁၉၀၇ ခုနှစ်၊ မတ်လ ၄ ရက်နေ့က ဆန်ဖရန်စစ္စကိုမြို့မှာ မွေးဖွားခဲ့တာဖြစ်ပြီး စပိန်နိုင်ငံမြောက်ပိုင်းသား ဖခင်ဖြစ်သူက အဲဒီအချိန်မှာ သတင်းထောက်တယောက်အနေနဲ့ အမေရိကန်မှာ အလုပ်လုပ်နေချိန် ဖြစ်ပါတယ်။ ပထမကမ္ဘာစစ်ကာလမှာတော့ မိသားစုနဲ့အတူ လှေတစင်းနဲ့ စပိန်နိုင်ငံဆီ ပြန်ရောက်လာခဲ့ပြီး ၁၉၁၈-၁၉ ကာလ နိုင်ငံတွင်း ဖြစ်ပွားခဲ့တဲ့ စပိန်တုပ်ကွေးကပ်ကာလ၊ ၁၉၃၆-၃၉ ပြည်တွင်းစစ်ကာလတွေကို ဖြတ်သန်းခဲ့သူပါ။ လတ်တလော ကမ္ဘာ့ကပ်ရောဂါတခုလို ဖြစ်နေတဲ့ COVID-19 ကပ်ဘေးကာလမှာတော့ စပိန်နိုင်ငံဟာ ဗိုင်းရပ်စ်ကူးစက်ခံရမှု မြင့်မားတဲ့ နိုင်ငံတွေထဲမှာ ပါဝင်နေပြီး လူပေါင်း ၂၇၀၀၀ နီးပါး ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးခဲ့ရတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန အချက်အလက်တွေမှာ ဖော်ပြပါတယ်။
11 months Ago
Up