အသက် ၁၀၃ နှစ်

February 6, 2020

ဟောလိဝုဒ်မင်းသားကြီး ကာ့ခ်ဒေါက်ကလပ် ကွယ်လွန်

ဟောလိဝုဒ်မင်းသားကြီး ကာ့ခ်ဒေါက်ကလပ်ဟာ ဖေဖော်ဝါရီ ၅ ရက်က အသက် ၁၀၃ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တယ်လို့ သားဖြစ်သူ မိုက်ကယ်ဒေါက်ကလက်စ်က ပြောကြားပါတယ်။   ကာ့ခ်ဒေါက်ကလပ်ဟာ နှစ်ပေါင်း ၇၀ အတွင်း ဟောလိဝုဒ်ရုပ်ရှင် ဇာတ်ကား ၉၀ ကျော်မှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။  အဲဒီရုပ်ရှင်တွေထဲက "Spartacus" (စပါတာကပ်)  နဲ့ "The Vikings" ဇာတ်ကားတွေကြောင့် ဒေါက်ကလပ်စ်ဟာ  ၁၉၅၀ နဲ့ ၁၉၆၀ ဝန်းကျင် ရုံတင်ဝင်ငွေ အကောင်းဆုံး မင်းသားတလက်ဖြစ်ခဲ့ပါတယ်။  ဟောလိဝုဒ်လောကမှာ ၁၉၅၀ ဝန်းကျင်ကာလ ကွန်မြူနစ်လှုပ်ရှားမှုနဲ့ အဆက်သွယ်ရှိသူတွေကို အလုပ်အကိုင်မပေးတဲ့ ဟောလိဝုဒ် အမည်ပျက်စာရင်း အယူအဆကို တိုက်ဖျက်ရာမှာလည်း ဒေါက်ကလပ်စ်ဟာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။  ဒေါက်ကလပ်စ်က သူဟာ ရုပ်ရှင်ရိုက်ရတာထက် အဲဒီလိုလုပ်ရတာကို ပိုဂုဏ်ယူတယ်လို့ ပြောခဲ့ဖူးပါတယ်။  ဒေါက်ကလပ်စ်ဟာ ၁၉၄၉ ခုနှစ်က  "Champion" ဇာတ်ကား ၊ ၁၉၅၂ ခုနှစ်မှာ "The Bad and the Beautiful" ဇာတ်ကားနဲ့ "Lust for Life." ဇာတ်ကားတို့မှာ အကယ်ဒမီဆုအတွက် လျာထားခံရပေမယ့် “တစ်သက်တာထူးချွန်ဆု” သာလျှင် သူရဲ့ တခုတည်းသော အော်စကာဆု ဖြစ်ခဲ့ပါတယ်။  ၁၉၉၆ ခုနှစ် အသက် ၈၀ အရွယ်မှာတော့ သူဟာ  လေသင်တုန်းဖြတ်ခဲ့ပြီး စကား ပီပီသသ မပြောဆိုနိုင်တော့ဘဲ မျက်နှာအာရုံကြောတွေလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။  ၂၀၁၅ ခုနှစ်မှာတော့ သူရဲ့ ၉၉ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် ဒေါက်ကလပ်စ်ဟာ ဖျော်ဖြေရေးလောကရဲ့ အယ်ဇိုင်မားဝေဒနာရှင်တွေအတွက် စင်တာဆောက်လုပ်ဖို့  အမေရိကန် ဒေါ်လာ ၁၅ သန်းကို ရုပ်ရှင်နဲ့ ရုပ်မြင်သံကြား ရန်ပုံငွေအဖွဲ့ထံ လှူဒါန်းခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။   
1 year Ago
Up