အသက်ရှူအားကူစက်များ

May 6, 2020

မက္ကဆီကိုနိုင်ငံသို့ လေယာဉ် ၁ စီးစာ အသက်ရှူအားကူစက်များ အမေရိကန် ပေးပို့

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ လူနာတွေကို ကုသရာမှာ ကူညီဖို့ အသက်ရှူအားကူစက်တွေကို အမေရိကန်နိုင်ငံက မက္ကဆီကိုနိုင်ငံဆီ လေယာဉ်တစီးစာ မေ ၅ ရက်က ပေးပို့လိုက်ပါတယ်။  အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မက္ကဆီကိုသမ္မတ အန်ဒရေမန်နျူယယ်လိုပက်ဇ် အိုဘရဒေါတို့အကြား သဘောတူညီချက် အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။ COVID-19 ရောဂါသည် လူနာတွေကို ကုသရာမှာ ကူညီဖို့ အသက်ရှူအားကူစက် ထောင်ချီ ရောင်းချပေးဖို့ အမေရိကန်ကို မက္ကဆီကိုနိုင်ငံက ဧပြီလလယ်ကတည်းက အကူအညီတောင်းခဲ့တာပါ။ ပိုဝယ်ဖို့ ခြွင်းချက်နဲ့ အမေရိကန်က မက္ကဆီကိုကို အသက်ရှူအားကူစက် ၁၀၀၀ ရောင်းပေးဖို့ ထရမ့်က ကတိပြုခဲ့တယ်လို့ မက္ကဆီကို သမ္မတက ပြောပါတယ်။ မေ ၅ ရက်မှာတော့ ပထမအသုတ်အဖြစ် အသက်ရှူအားကူစက် ၂၁၁ လုံး တင်လာတဲ့ လေယာဉ်ဟာ မက္ကဆီကိုစီးတီး မြို့တော်နားက တိုလူကာ လေဆိပ်ဆီ ဆင်းသက်ခဲ့ပါတယ်။ ထရမ့်ရဲ့ သွေးစည်းမှုအတွက် ကျေးဇူးတင်စကားပြောဖို့ အမေရိကန်နိုင်ငံဆီ သွားရောက် လည်ပတ်ဖို့ စီစဉ်နေတယ်လို့ မက္ကဆီကိုသမ္မတက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ မြောက်အမေရိက လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်ကို အကောင်အထည် ဖော်မယ်လို့လည်း သူက ပြောပါတယ်။ မက္ကဆီကိုနိုင်ငံမှာ မေ ၅ ရက်ထိ အတည်ပြုချက်အရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ ၂၅,၀၀၀ နီးပါး ရှိပြီး ကူးစက်ခံ ၂၂၇၁ ယောက် သေဆုံးခဲ့ပြီးပါပြီ။
1 year Ago
Up