အသက်ရှူခက်

November 8, 2020

နယူးဒေလီတွင် မီးခိုးမြူကြောင့် အသက်ရှူခက်သည့် ပြဿနာရင်ဆိုင်ရ

အိန္ဒိယနိုင်ငံရဲ့မြို့တော် နယူးဒေလီမှာ မီးခိုးမြူထူတွေ ရစ်သိုင်းနေတာကို နိုဝင်ဘာ ၇ ရက်မှာ တွေ့ရတာပါ။  မီးခိုးမြူတွေကြောင့် အပြင်ထွက်တဲ့အခါတိုင်း မျက်စိနဲ့လည်ချောင်း ယားယံပြီး အသက်ရှူ ခက်တဲ့ ပြဿနာကို ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။  မြို့တော်ပတ်လည် ပြည်နယ်တွေက လယ်ကွင်းတွေထဲမှာ ရိုးပြတ်တွေကို မီးရှို့လို့ ထွက်လာတဲ့ မီးခိုးတွေ၊ ယာဉ်ကြော ပိတ်ဆို့မှုကြောင့် ကားတွေကနေ ထွက်တဲ့ မီးခိုးတွေ၊ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေက ထွက်လာတဲ့ မီးခိုးတွေပြာတွေနဲ့ လေငြိမ်တဲ့ ရာသီတို့ကြောင့် ဒေလီမြို့တော်ရဲ့ လေထုညစ်ညမ်းမှုဟာ အောက်တိုဘာနဲ့ နိုဝင်ဘာမှာ စပြီး ပိုဆိုးလာခဲ့တာပါ။  ဒါကြောင့် လာမယ့်သီတင်းပတ်မှာ ကျရောက်မယ့် ဟိန္ဒူတွေရဲ့ ဒီပဝါလီပွဲတော်မှာ မြို့တော်အတွင်း ဗျောက်အိုးဖောက်တာ ရောင်းတာမလုပ်ဖို့ ပြည်နယ်ဝန်ကြီးချုပ်က တားမြစ် ပိတ်ပင်ထားပါတယ်။  ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကလည်း တိုးနေလို့ လေထုညစ်ညမ်းမှုနဲ့ ပွဲတော်ရာသီအတွင်း အစိုးရဆေးရုံတွေမှာ ကျန်းမာရေးအတွက် အဓိကကျတဲ့ အခြေခံအဆောက်အအုံတွေကို အဆင့်တိုးမြှင့်ပေးထားပါတယ်။  လူဦးရေ သန်း ၂၀ ရှိတဲ့ နယူးဒေလီမြို့တော်မှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံ အတည်ပြုလူနာ ၄ သိန်းကျော် ရှိပြီး လေထုညစ်ညမ်းမှုကြောင့် အသက်ရှူလမ်းကြောင်း ရောဂါ နဲ့ နာမကျန်းဖြစ်သူ အရေအတွက် သိသိသာသာ ပိုတိုးလာတယ်လို့ ဆရာဝန်တွေက သတိပေး ထားပါတယ်။  စနေနေ့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံအတည်ပြုလူနာ ဦးရေဟာ ၈ ဒသမ ၄၆ သန်းထိ ရောက်လာခဲ့ပြီး တရက်တည်း အသစ်ကူးစက်ခံ ဦးရေ ငါးသောင်းကျော်ခဲ့တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။  ၂၄ နာရီအတွင်း ကူးစက်ခံ သေဆုံးသူ ၅၇၇ ယောက် ရှိခဲ့လို့ စုစုပေါင်း ကူးစက်ခံ သေဆုံးသူ ဦးရေ ၁ သိန်း ၂ သောင်း ၆ ထောင်နီးပါး ရှိလာပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။  ဒါကြောင့် အိန္ဒိယဟာ အမေရိကန်ပြီးရင် ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ခံရမှု ဒုတိယ အများဆုံးနိုင်ငံ ဖြစ်နေပါတယ်။   
2 years Ago
Up