အသက်ကယ်စက်

A d v e r t i s e m e n t With Us

April 1, 2020

အစ္စရေး ဒုံးကျည်စက်ရုံကို အသက်ရှူအားကူစက် စက်ရုံအဖြစ် ပုံစံပြောင်း

အစ္စရေးအစိုးရဟာ ဒုံးကျည်ထုတ်လုပ်ရေး စက်ရုံတွေကို အသက်ရှူအားကူစက်နဲ့ အသက်ကယ်စက်တွေ အလုံးအရင်းနဲ့ ထုတ်လုပ်နိုင်တဲ့ စက်ရုံအဖြစ် ပုံစံပြောင်းနေတယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနက မတ်လ ၃၁ ရက်မှာ ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးက ဆက်ပြီး ကူးစက်နေလို့ အသက်ကယ် စက်ကိရိယာတွေ မလုံလောက်ဘဲ ပြတ်လပ်နေတာပါ။ အစ္စရေးနိုင်ငံထဲမှာ မတ်လ ၃၁ ရက်နေ့ထိ အတည်ပြုထားတဲ့ စာရင်းအရ ကူးစက်ခံ အယောက် ၅၀၀၀ ရှိပြီး ကူးစက်ခံ လူနာ ၁၇ ယောက် သေဆုံးခဲ့ပြီးပါပြီ။  အစ္စရေးနိုင်ငံထဲမှာ အသက်ရှူအားကူစက် အလုံး ၂၀၀၀ သာ ရှိပြီး ကူးစက်ခံလူနာတွေ နာလန်ထလာချိန် ကူညီဖို့ နောက်ထပ် အသက်ရှူ အားကူစက်တွေ အမြောက်အမြား လိုအပ်မယ်လို့ ကာကွယ်ရေးဝန်ကြီး နက်ဖှ်တာလီ ဘန်းနက်က သတိပေးခဲ့ပါတယ်။ ကမ္ဘာတလွှားက နိုင်ငံအများအပြားမှာ အသက်ရှူ အားကူစက် ပြတ်လပ်နေတယ်လို့ အစီရင်ခံထားပြီး ထုတ်လုပ်မှု တိုးမြှင့်ဖို့ စစ်တပ်တွေနဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေကို အားကိုး နေရပါတယ်။ အစ္စရေးရဲ့ ဒီခြေလှမ်းကိုတော့ ကာကွယ်ရေး ဝန်ကြီးဌာန၊ နိုင်ငံပိုင် အစ္စရေး အာကာသသိပ္ပံနဲ့ ဆေးဘက်သုံး ပစ္စည်းကိရိယာ ထုတ်လုပ်သူ အင်နိုတက်ခ်တို့က ညှိနှိုင်း ပူးပေါင်း အကောင်အထည် ဖော်နေကြပါတယ်။ ဒီမနက်မှာကိုဘဲ ထုတ်လုပ်ရေးလိုင်းကို စဖွင့်ခဲ့ပြီး ဒါဇင်နဲ့ချီတဲ့ အသက်ရှူ အားကူစက် တွေကို စမ်းသပ်တပ်ဆင်နေပြီလို့ ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။ အသက်ရှူ အားကူစက် အလုံး ၃၀ ကို အစ္စရေး ကျန်းမာရေး ဝန်ကြီးဌာနဆီ လွှဲပေးပြီးပြီလို့ ကြေညာချက်က ဆိုပါတယ်။ တရက်ကို စက်အလုံး ဘယ်လောက် ထုတ်မယ်၊ ဒါမှမဟုတ် ပြည်တွင်းသုံးအတွက်ပဲလား ပြည်ပကို တင်ပို့မလား ဆိုတဲ့ အသေးစိတ်အချက်တွေကိုတော့ မကြေညာပါဘူး။  
11 months Ago
Up