အသက် ၈ နှစ်အရွယ်

May 19, 2018

မိချောင်းများနှင့်အနီးကပ်နေသည့် အသက် ၈ နှစ်အရွယ် မိချောင်းဖမ်းသမားလေး (ရုပ်သံ)

အသက် ၈ နှစ်အရွယ် တွားသွားသတ္တဝါတွေ ထိန်းသိမ်းစောင့်ရှောက်သူလေးက သူ့ရဲ့နေ့တွေကို မြွေကြီးတွေနဲ့ မိချောင်းတွေကို ပွေ့ဖက်ရင်း ကုန်ဆုံးစေတယ်လို့ မေရာသတင်းမှာ မေလ ၁၈ ရက်နေ့က ဖော်ပြထားပါတယ်။ ချာလီပါကာဆိုတဲ့ ကလေးက သြစတေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်က ဘယ်လာရက်တောရိုင်းတိရစ္ဆာန် သဘာဝဥယျာဉ်မှာ တိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်သူ တွေဖြစ်တဲ့ မိဘတွေရဲ့ အလုပ်ကို သူ လမ်းလျှောက်တတ်စအရွယ်ကတည်းက ကူညီခဲ့တယ်လို့ သိရပါတယ်။ သူ့အရွယ် တိရစ္ဆာန်ထိန်းသိမ်းရေး ဝတ်စုံဝတ်ဆင်ထားတဲ့ ချာလီလေးက သူ အသက် ၁ နှစ်အရွယ်မှာ ပထမဆုံး မြွေကို ဖမ်းခဲ့ပြီး နောက် ၂ နှစ်အကြာမှာတော့ ပထမဆုံး မိချောင်းကို ကိုင်တွယ်ခဲ့ပါတယ်။ အခုအချိန်မှာ ကျောင်းတက်အရွယ်ဖြစ်နေတဲ့ ချာလီက တိရစ္ဆာန်တွေကို ပိုမိုကိုင်တွယ် ဆက်ဆံလာပြီး သူ့ရဲ့အိမ်မက်ကတော့ နောင်တချိန်မှာ သူကြိုက်နှစ်သက်တဲ့ တိရစ္ဆာန်ရုံ ကျွမ်းကျင်ဝန်ထမ်း စတီဗ်အိုင်ဝင်ဖြစ်တယ်လို့ ဆိုပါတယ်။ သူက ဒီလို တိရစ္ဆာန်တွေကို ကိုင်တွယ်ရတဲ့အခါ စိတ်လှုပ်ရှားကြောင်း၊ ဖားတွေ မြွေတွေ မိချောင်းတွေ စတဲ့သတ္တဝါတွေနဲ့ ဆော့ကစားရတာ ကြိုက်ကြောင်း၊ သဘာဝဘေးဥယျာဉ်ထဲက တိရစ္ဆာန်ကြီးတွေကိုလည်း ဘယ်တော့မှ မကြောက်ကြောင်း၊ မြွေ မိချောင်း အဆိပ်ရှိမြွေတောင် ကိုက်ခံရဘူးကြောင်း ပြောပါတယ်။ “ကျနော်က တဘဝလုံး သူတို့နဲ့ အလုပ်လုပ်ခဲ့တော့ သူတို့နဲ့ ယုံကြည်မှုတည်ဆောက်နိုင်ခဲ့တယ်” လို့ သူက ဘာခရော့ဖ်တ်တီဗီသတင်းဌာနကို ပြောခဲ့ပါသေးတယ်။ ကလေးရဲ့ မိဘတွေကလည်း သူ့တို့သားက တိရစ္ဆာန်တွေနဲ့ ဘယ်လောက် သက်သက်သာရှိနေတာကို သူတို့သိတယ်။ ဒါပေမယ့် အန္တရာယ်ရှိမယ်လို့ ထင်ရတဲ့ အခြေအနေအမျိုးမှာတော့ ကလေးကို မထားဘူးလို့ ပြောပါတယ်။ “ချာလီက ဥယျာဉ်ထဲက တိရစ္ဆာန်အများစုနဲ့ အပြန်အလှန် တုံ့ပြန်နိုင်တယ်။ ပင်ဂွင်းတွေနဲ့ အလုပ်လုပ်ရတဲ့အခါလည်း သူပျော်တယ်။ အထူးသဖြင့်တော့ တွားသွားသတ္တဝါတွေနဲ့ပါ။ တိရစ္ဆာန်တွေကြားမှာ သူက အရမ်းကို သဘာဝအတိုင်းလေးပဲ ဖြစ်နေတယ်” လို့ ဖခင်ဖြစ်သူက ပြောပါတယ်။ တွားသွားသတ္တဝါမျိုးစိတ် ၅၀ အပါအဝင် တိရစ္ဆာန်မျိုးစိတ်ပေါင်း ၇၀ ရှိတဲ့ ဥယျာဉ်ထဲမှာ ချာလီအနှစ်သက်ဆုံးကတော့ အလေးချိန် ၁၁၀ စတုံးရှိတဲ့ ခရန့်ခ်ျလို့ခေါ်တဲ့ မိချောင်းကြီးလို့ သိရပါတယ်။ ဖခင်ဖြစ်သူကလည်း ချာလီလေးက ၅ မီတာရှည်ပြီး ၇၀၀ ကီလိုဝန်းကျင်လေးတဲ့ အတော်အတန်အန္တရာယ်ရှိတဲ့ တောရိုင်းသတ္တဝါ ရေငန်မိချောင်း ခရန့်ခ်ျကို နှစ်သက်ကြောင်း သူက ဒီမိချောင်းနဲ့ဆို သက်တောင့်သက်သာရှိပြီး မိချောင်းကြီးရှိရာကိုပဲ တချိန်လုံး သွားနေကြောင်း ပြောပါတယ်။
3 years Ago
Up