တရုတ်နိုင်ငံမှ အသက် ၈၁ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဝမ်ဒက်ရွှမ်းဟာ အသက်အရွယ်နဲ့ မလိုက်အောင် သွက်လက်ဖျတ်လတ်နေတုန်းပါပဲ။
သူဟာ တရုတ်နိုင်ငံရဲ့ ဖက်ရှင်သရုပ်ဖော်တင်ဆက်ပြသမှုတွေမှာ ပါဝင်တင်ဆက်ခဲ့ရာကနေ လူသိများလာခဲ့သူတဦးဖြစ်တယ်လို့ စီစီတီဗွီသတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။
“ကျနော့်အသက် ၈၀ ရှိပါပြီ။ ကျနော့်မှာ ခုထိအိပ်မက်တွေရှိတယ်။ အမြဲ တခုခုကို လုပ်ချင်နေတုန်းပဲ။ တစုံတရာဟာ ကျနော့်ကို ဖိတ်ခေါ်လိုက်တယ်လို့ ခံစားရရင် ကျနော် ရောက်အောင် သွားချင်မိတော့တာပဲ။”
ဒါကတော့ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့က တရုတ်ဖက်ရှင်ရက်သတ္တပတ်မှာ ပါဝင်သရုပ်ပြခဲ့တုန်းက သူပြောခဲ့တာပါ။
သူ့ရဲ့ ဖက်ရှင်ရှိုးလျှောက်ဟန်၊ သရုပ်ပြဟန်တွေဟာ အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ စိတ်ဝင်စားမှုတွေ မြင့်တက်လာနေပြီး သူ့ကို “တရုတ်နိုင်ငံရဲ့ အခန့်ဆုံး ဖိုးဖိုး”၊ “အိုပေမယ့် လတ်ဆတ်ဆဲ အသားတုံးကြီး” လို့ တင်စား ပြောဆိုနေကြပါတယ်။
ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ဆံပင်ဖြူဖွေးဖွေး၊ အပေါ်ပိုင်း ဗလာကျင်းအနေအထားနဲ့ သရုပ်ပြခဲ့ပြီး ရင်ကိုချီပင့်ကာ တကယ့်စစ်သူကြီးတဦးလို လျှောက်ပြခဲ့တာကို တွေ့ရပါတယ်။
ခုချိန်ထိ ဆယ်ကျော်သက်တဦးလို သက်ရှည်ကျန်းမာပြီး လှုပ်ရှားတက်ကြွနေနိုင်တာဟာ နေ့စဉ် ကိုယ်လက်လှုပ်ရှား အားကစားလုပ်တာတွေ၊ စကိတ်စီးတာ၊ ရေကူးတာတွေကြောင့်လည်း ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
6 years Ago