အသက် ၆၀ မှ သေနတ်စကိုင်ခဲ့သည့် သေနတ်ပစ်ချန်ပီယံ ဘွားဘွား

December 26, 2017

အသက် ၆၀ မှ သေနတ်စကိုင်ခဲ့သည့် သေနတ်ပစ်ချန်ပီယံ ဘွားဘွား

ပါကာရှီတိုမာဆိုတဲ့ အဘွားဟာ အိန္ဒိယနိုင်ငံရဲ့ အသက်အကြီးဆုံး သေနတ်ပစ် ချန်ပီယံဘွးဘွားဖြစ်ပြီး သူမရဲ့ ထင်ရှားကျော်ကြားမှုကို ကျား/မ တန်းတူညီမျှရေး လှုပ်ရှားမှုတွေအတွက် အသုံးပြုနေတယ်လို့ သိရပါတယ်။ ဘီဘီစီက ရိုက်ကူးထားတဲ့ ရုပ်သံထဲမှာ ဘွားဘွားက “ကျမနာမည် ပါကာရှီတိုမာပါ။ ကျမ အသက် ၈၀ ရှိပြီ။ ကျမ ပထမဦးဆုံး ပစ္စတိုသေနတ်ကို အသက် ၆၀ မှာ စကိုင်ခဲ့တယ်။ လူတိုင်းက ကျမကို သေနတ်သမား ဘွားဘွားလို့ ခေါ်ကြတယ်” လို့ ပြောပါတယ်။ သတို့သမီးက သတို့သားအတွက် တင်တောင်းရတဲ့ ပစ္စည်းဥစ္စာနဲ့ ငွေကြေး တောင်းဆိုမှုတွေနဲ့ ပတ်သက်ပြီး သတ်ဖြတ်မှုတွေ ဖြစ်လေ့ရှိတဲ့ အူတာပရာဒဲ့ရှ်ပြည်နယ်မှာ ဘွားဘွားရဲ့ရွာကတော့ သတို့သမီးတွေက သတို့သားကို တင်မတောင်းရဘဲ ချွင်းချက်ဖြစ်နေတယ်လို့ ဆိုပါတယ်။ “အကယ်၍ ဒီရွာမှာ မိန်းကလေးတယောက် လက်ထပ်မယ်ဆိုရင် ဘယ်သူကမှ မိန်းကလေးဘက်က တင်တောင်းငွေကို တောင်းဆိုမှာ မဟုတ်ဘူး။ အကယ်၍ တောင်းဆိုခဲ့ရင် တောင်းဆိုသူကို သေနတ်သမား ဘွားဘွား သေနတ်နဲ့ ပစ်လိမ့်မယ်လို့ လူတွေက ပြောကြတယ်” လို့ ဘွားဘွားက ပြောပါတယ်။ “ကျမ ဘယ်တုန်းကမှ ကျောင်းမတက်ခဲ့ဘူးသလို ဘယ်သူကမှ ကျမကို စာမသင်ပေးခဲ့ဘူး။ ကျမက အိမ်နဲ့ လယ်တောထဲမှာပဲ အလုပ် လုပ်ဖူးတယ်။ ဒါပေမယ့် တခြားလူတွေ ပင်စင်ယူ၊ ဘာမှမလုပ်တော့တဲ့အရွယ်မှာ ကျမနှစ်သက်တဲ့ အလုပ်ကို ကျမ သိလာတယ်၊ ကျမရဲ့ ကိုယ်ပိုင်အမှတ်အသားကို ဖန်တီးချင်ခဲ့တယ်” လို့ ဘွားဘွားက ပြောပါတယ်။ အဘွားရဲ့ မြေးတွေ သေနတ်ပစ် လေ့ကျင့်ချိန်မှာ အဘွားဟာ သူမရဲ့ ပင်ကိုပါရမီ စွမ်းရည်ကို သေနတ်ပစ်တဲ့နေရာမှာ တွေ့ရှိခဲ့တာပါ။ “ကျမ မြေးတွေ သေနတ်ပစ်တာကို ရက်အနည်းငယ်ထိုင်ပြီး ကြည့်တယ်၊ ကလေးတွေက သေနတ်ပစ်ကြည့်ဖို့ ပြောတယ်။ နောက်တော့ ကျမ ပစ်မှတ်တွေကို စပြီး ပစ်ခတ်ကြည့်တယ်၊ သင်တန်းဆရာက ကျမ ကောင်းကောင်းလုပ်နိုင်တယ်လို့ အားပေးပြီး လေ့ကျင့်ပေးတယ်။” စတင်လေ့ကျင့်ချိန်မှာ သူမ အသက်ကြီးနေလို့ လူတွေ သူမကို ရယ်မောကြမယ်လို့ ထင်မြင်ခဲ့ပေမယ့် ရေကရားတွေနဲ့ တိတ်တဆိတ် လေ့ကျင့်ကာ တကယ် သေနတ်ပစ်လေ့ကျင့်ချိန်မှာလည်း လူတွေက သူမကို လှောင်ပြောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူမက ဆက်လက်လေ့ကျင့်ခဲ့ပြီး ခုချိန်မှာ ဆုတံဆိပ်တွေ အများကြီး ရရှိထားတဲ့ နိုင်ငံ့ဂုဏ်ဆောင် သေနတ်ပစ်ချန်ပီယံတဦး ဖြစ်နေပြီး သူမအကြောင်းကိုလည်း နာမည်ကြီး တီဗွီရုပ်သံတွေမှာ ပြသခဲ့တယ်၊ သူမရဲ့အကြောင်းက မိန်းကလေးငယ်တွေ သေနတ်ပစ်ချင်လာအောင် စေ့ဆော်ပေးမှုတခု ဖြစ်နေတယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up