အသက် ၁၂ နှစ်အရွယ်

December 17, 2016

အသက် ၁၂ နှစ်အရွယ် ဂျာမန် ကလေးငယ် ဗုံးဖောက်ခွဲရန် ကြိုးစားခဲ့ဟုဆို

အသက် ၁၂ နှစ်အရွယ် လူငယ်လေးတဦးဟာ ဂျာမဏီနိုင်ငံ လူတီဇာဖန်မြို့မှာရှိတဲ့ ခရစ္စမတ်ဈေးမှာ ဗုံးဖောက်ခွဲဖို့ ကြိုးစားခဲ့တယ်လို့ တရားစွဲဆိုသူတွေက ပြောလိုက်ကြောင်း ဘီဘီစီရဲ့ ဒီဇင်ဘာလ ၁၆ ရက်နေ့သတင်းမှာ ဖော်ပြထားပါတယ်။ နိုဝင်ဘာလအတွင်း မပေါက်ကွဲဖြစ်ခဲ့တဲ့ ဖောက်ခွဲရေးပစ္စည်းတွေထည့်ထားတဲ့ ကျောပိုးအိတ်ကို ထားပြီးထွက်သွားတယ်၊ နောက်ရက်အနည်းကြာပြီးတဲ့နောက် နောက်ထပ်ဖောက်ခွဲရေးပစ္စည်းတွေကို ဒေသခံအစိုးရရုံး အဆောက်အဦမှာ တပ်ဆင်ခဲ့တယ်လို့ တရားစွဲဆိုသူတွေက ပြောခဲ့ပါတယ်။ ဒါပေမယ့် လူတဦးက ရဲကို အချိန်မီအကြောင်းကြားခဲ့တာကြောင့် ဘယ်သူမှ ထိခိုက်ဒဏ်ရာမရခဲ့ဘူးလို့ သိခဲ့ရပါတယ်။ အခု ထောင်ထဲမှာဖမ်းဆီးခံထားရတဲ့ အသက် ၁၂ အရွယ်ကောင်လေးဟာ လက်တလော အစ္စလာမ္မစ်နိုင်ငံတော် (အိုင်အက်စ်)တွေနဲ့ အဆက်အသွယ်ရှိပုံရပြီး အိုင်အက်စ်တွေရဲ့ စည်းရုံးမှုကို ခံထားရတယ်လို့ ယူဆနေပါတယ်။ လုံခြုံရေးတွေနဲ့တရားရေး သတင်းအရင်းအမြစ်တွေကို ကိုးကားပြီး ဖိုကက်စ်မဂ္ဂဇင်းမှ ၁၂ အရွယ်ကောင်လေးဟာ “အိုင်အက်စ်တွေရဲ့ပြင်းပြင်းထန်ထန် စည်းရုံးခံထားရပြီး” အမည်မဖော်ပြနိုင်တဲ့ အိုင်အက်စ်အဖွဲ့ဝင်တဦးရဲ့ ခိုင်းစေညွှန်ကြားခံထားရတာ သိသာထင်ရှားတယ်လို့ ပြောလိုက်ပါတယ်။ အစိုးရတရားစွဲဆိုမှုရုံး Federal Public Prosecutor’s Office ကတော့ အိုင်အက်စ်တွေနဲ့ အဆက်အသွယ်ရှိတယ်ဆိုတဲ့ သုံးသပ်ချက်ကို ငြင်းဆန်လိုက်ပြီး အာဏာပိုင်တွေက ဒီအမှုကို စုံစမ်းစစ်ဆေးနေကြောင်း အတည်ပြုပြောကြားလိုက်ပါတယ်။ အဆိုပါ လူငယ်လေးဟာ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့က ဂျာမဏီနိုင်ငံ လူတီဇာဖန်မြို့မှာရှိတဲ့ ခရစ္စမတ်ဈေးမှာ လက်လုပ်ဗုံးထည့်ထားတဲ့ ကျောပိုးအိတ်ကို ထားသွားတယ်။  ဒါပေမယ့် အဲဒီဗုံးက မပေါက်ကွဲခဲ့ဘူးလို့ တရားစွဲဆိုသူ ဟူဘတ်စထရိုဘာက ပြောခဲ့ပါတယ်။ နောက်ထပ် မြို့တော်ခန်းမမှာ ထောင်ထားတဲ့ဗုံးကို ဒီဇင်ဘာလ ၅ ရက်နေ့က “သတင်းပေး” မှ ရှာတွေ့ခဲ့ပြီး အာဏာပိုင်တွေက မပေါက်ကွဲအောင် ဖယ်ရှားနိုင်ခဲ့တယ်လို့ မစ္စတာစထရိုဘာက ပြောပါတယ်။ လူငယ်လေးကို အီရက်နွယ်ဖွားမိဘ နှစ်ပါးမှ လူတီဇာဖန်မြို့တွင် ၂၀၀၄ ခုနှစ်က မွေးဖွားခဲ့ပြီး ဂျမဏီနိုင်ငံသား ခံယူထားသူဖြစ်ပါတယ်။ ဒီကလေးကို ရာဇတ်မှုနဲ့ တရားစွဲဆိုဖို့ အသက်မပြည့်သေးလို့ တရားစွဲဆိုတာတွေ လုပ်မှာမဟုတ်ဘူးလို့ တရားစွဲဆိုသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ကြာသာပတေးနေ့ကလည်း အသက် ၁၅ နှစ်နဲ့ ၁၇ နှစ်အရွယ် ဆယ်ကျော်သက် ၂ ဦးကို ဂျာမဏီနိုင်ငံ အနောက်မြောက်ဖက် ဘာဗာရီရန်ပြည်နယ်မှ အာရှာဖန်ဘာ့ဂ် အင်စတီကျူးရှင်းမှာ အကြမ်းဖက်တိုက်ခိုက်ဖို့ စီစဉ်မှုနဲ့ ဂျာမန်ရဲတွေက ဖမ်းဆီးတရားစွဲခဲ့တယ်လို့ သိရပါတယ်။ ဆယ်ကျော်သက်တွေရဲ့ အိမ်တွေမှာ အိုင်အက်စ်အလံတွေနဲ့ ဝါဒဖြန့်ချိတဲ့ စာရွက်စာတမ်းတွေကို ရဲတွေ ရှာတွေ့ခဲ့တယ်လို့ ဆိုပါတယ်။ နွေရာသီကုန်ဆုံးချိန် ဂျာမဏီနိုင်ငံရဲ့တောင်ဘက်မှာ တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ခဲ့တာပါ။ ဂျာမဏီနိုင်ငံမှာ သေနတ်ပစ်ခတ်မှု၊ ဗုံးပေါက်ကွဲမှု၊ ပုဆိန်၊ ဓားမ နဲ့ တိုက်ခိုက်မှု စတဲ့ သီးခြားတိုက်ခိုက်မှုဖြစ်စဉ်တွေအတွင်းမှာ လူ ၁၀ ဦး သေဆုံးခဲ့ပြီး လူဒါဇင်နဲ့ချီ ထိခိုက်ဒဏ်ရာတွေ ရခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုတွေက တခုနဲ့ တခု ဆက်စပ်မှုမရှိသလို အကြမ်းဖက်သမားတွေနဲ့ ပတ်သက်မှု မရှိဘူးလို့ အာဏာပိုင်တွေက ပြောလိုက်ပါတယ်။ နိုင်ငံအတွင်း ဒုက္ခသည်တွေအများကြီး ဝင်ရောက်လာပြီးနောက်ပိုင်း ဒီလိုအကြမ်းဖက်မှုတွေ ဖြစ်ခဲ့တာလို့ ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။
5 years Ago
Up