အသက်ဝင်တော့မည်

May 6, 2017

ပြင်သစ်တွင် ပိန်လွန်းမော်ဒယ်များကို တားမြစ်သည့်ဥပဒေ အသက်ဝင်တော့မည်

ပြင်သစ်နိုင်ငံမှာ ကျန်းမာရေး ချို့ယွင်းလောက်အောင် ပိန်လွန်းတဲ့ ဖက်ရှင်မော်ဒယ်လ်တွေ အသုံးပြုမှုကို တားမြစ်မယ့် ဥပဒေ သက်ဝင်လာတော့မယ်လို့ ဘီဘီစီ မေလ ၆ ရက်နေ့ သတင်းက ဖော်ပြထားပါတယ်။

မော်ဒယ်တွေအနေနဲ့ သူတို့ရဲ့ ခန္ဓာကိုယ်ထုထည်/အဆီပမာဏ ညွှန်းကိန်း (ဘီအမ်အိုင်) လို့ခေါ်တဲ့ သူတို့ရဲ့ အရပ်အမြင့်နဲ့ ကိုက်ညီတဲ့ ခန္ဓာကိုယ်အလေးချိန် ရှိရမှာဖြစ်ပြီး သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအားလုံးကို စစ်ဆေးတဲ့ ဆရာဝန်ရဲ့ ဆေးစစ်ချက်လက်မှတ်လည်း ပြသဖို့ လိုတယ်လို့ ဆိုပါတယ်။

[gallery ids="205127"]

ကွန်ပျူတာဒစ်ဂျစ်တယ် နည်းပညာနဲ့ ပြုပြင်ပြောင်းလဲထားတဲ့ ဓာတ်ပုံတွေကိုလည်း အောက်တိုဘာလ ၁ ရက်နေ့ကစပြီး အမည်တပ်ဆင်ရမယ်လို့ သိရပါတယ်။

မော်ဒယ်တွေရဲ့ ရုပ်သွင်ပြင်ကို ကျွမ်းကျင်စွာ ပြင်ဆင်ထားတဲ့ ရုပ်ပုံတွေကိုလည်း ပြုပြင်မွမ်းမံထားသော ဓာတ်ပုံဆိုပြီး အမှတ်အသား လုပ်ပေးရမယ်လို့ ဆိုပါတယ်။

မော်ဒယ်တွေအတွက် အနိမ့်ဆုံး ခန္ဓာကိုယ် အဆီပမာဏ ညွှန်းကိန်း (ဘီအမ်အိုင်) ကို သတ်မှတ်ထားတဲ့ ယခင် ထုတ်ပြန်ခဲ့တဲ့ ဥပဒေကြောင့် ပြင်သစ်နိုင်ငံမှာ ရှိတဲ့ မော်ဒယ်လုပ်ငန်းတွေကလည်း ဆန္ဒပြခဲ့ပါသေးတယ်။

နောက်ဆုံးအဆိုပြုချက်ဖြစ်တဲ့ ၂၀၁၅ ဥပဒေအရ မော်ဒယ်လ်တွေက သူတို့ရဲ့ ခန္ဓာကိုယ်အချိုးအစား အသက်အရွယ်နဲ့ ကိုယ်အလေးချိန်အရ မော်ဒယ်လ် တဦးက သိပ်ပိန်လွန်းတယ်၊ မပိန်လွန်းဘူးဆိုတာကို ဆရာဝန်တွေကပဲ ဆုံးဖြတ်ရမယ်လို့ ဆိုပါတယ်။

ဥပဒေချိုးဖောက်တဲ့ မော်ဒယ်လ်လုပ်ငန်းတွေအနေနဲ့ ယူရို ၇ သောင်း ၅ ထောင် (ပေါင် ၆ သောင်း ၃ ထောင့် ၅ ရာ) ဒဏ်ငွေ ကျခံရမှာဖြစ်ပြီး ထောင်ဒဏ် ၆ လ အထိ ချမှတ်နိုင်တယ်လို့ သိရပါတယ်။

“တကယ့်အစစ်မဟုတ်တဲ့ ခန္ဓာကိုယ်အချိုးအစား ပုံတွေက ကိုယ့်တန်ဖိုးကို လျော့ကျစေသလို ခံစားရပြီး မိမိကိုယ်ကို တန်ဖိုးထားမှုကိုလည်း ယုတ်လျော့စေတယ်၊ အဲဒီကတဆင့် ကျန်းမာရေးထိခိုက်နိုင်တဲ့ အပြုအမူတွေပါ ဖြစ်လာတယ်” လို့ ပြင်သစ် လူမှုရေးနဲ့ ကျန်းမာရေး ဝန်ကြီးက သောကြာနေ့က ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။

ပြင်သစ်နိုင်ငံမှာ အနိုရက်ဇီယားလို့ခေါ်တဲ့ အန္တရာယ်ရှိ ခန္ဓာကိုယ် အလေးအချိန် လျော့ကျမှုကို အကြီးအကျယ်ဖြစ်စေတဲ့ အစားအသောက် လုံးဝ မစားမှုနဲ့ အစားအသောက် အနည်းငယ်သာ စားသောက်မှု စိတ်ဝေဒနာရောဂါ လူဦးရေ ၃ သောင်းနဲ့ ၄ သောင်း ကြားမှာ ဖြစ်နေပြီး အဲဒီကိန်းဂဏန်းရဲ့ ၉၀ ရာခိုင်နှုန်းက အမျိုးသမီးတွေလို့ သိရပါတယ်။

4 years Ago
Up