ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်နိုင်ရေးအတွက် အာဆီယံနိုင်ငံတခုဖြစ်တဲ့ ဖိလစ်ပိုင်မှာ မြို့တော် မနီလာကို မတ်လ ၁၅ ရက်နေ့မှာ စတင်ပြီး အဝင်အထွက် ပိတ်ဆို့လိုက်ပါတယ်။
ရိုင်ဖယ်သေနတ်တွေလွယ်ထားတဲ့ ဖိလစ်ပိုင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ လူဦးရေ ၁၂ သန်းကျော်ရှိတဲ့ မြို့တော်ဆီ အဓိကအဝင်လမ်းတွေကို တားဆီးပိတ်ဆို့လိုက်ပြီး၊ မနီလာနဲ့ အသွားအပြန် ပြည်တွင်းလေကြောင်းခရီးမှန်သမျှကိုလည်း တလတာ ပိတ်သိမ်းလိုက်ပါတယ်။
လူထုစုဝေးပွဲတွေနဲ့ ကျောင်းတွေအားလုံးကိုလည်း ရပ်ဆိုင်းထားပေမယ့် နှောင့်နှေးမှုတွေနဲ့ ခြွင်းချက်တွေလည်း ရှိနေပါတယ်။
ဖိလစ်ပိုင်ဟာ တရုတ်၊ အီတလီတို့လို ကူးစက်ခံရမှု မများပေမယ့် မကြာသေးမီ ရက်ပိုင်းအတွင်း ကူးစက်ခံရသူ အရေအတွက် နှစ်ဆတိုးကာ ၁၁၁ ဦးရှိလာပြီး၊ သေဆုံးသူလည်း ၈ ဦး ရှိပါတယ်။
မနီလာမြို့တော်ကို ပိတ်ချလိုက်တယ်ဆိုပေမယ့် အလုပ်သွားမယ့်လူကို ခွင့်ပြုထားဆဲ ဖြစ်ပြီး စစ်ဆေးရေးဂိတ်တွေကနေ ဖြတ်သန်းသွားခွင့်ပြုထားပါတယ်။
မတ် ၁၄ ရက်နေ့ကတည်း ည ၈ နာရီကနေ မနက် ၅ နာရီအတွင်း အပြင်မထွက်ရ၊ နေဝင်မီးငြိမ်း အမိန့်ထုတ်ပြန်ထားတာပါ။
မနီလာ နယ်နိမိတ်အတွင်း ရထားနဲ့ ဘတ်စ်ကားတွေကိုတော့ ပြေးဆွဲခွင့်ပေးထားပြီး၊ လူကန့်သတ်တင်ဖို့၊ ဖျားနေတဲ့သူတွေကို စီးခွင့်မပေးဖို့ ပိတ်ပင်ထားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
12 months Ago