ထိုင်းဆယ်ကျေ်သက်ကြား ရေပန်းစားတဲ့ တေးသံရှင် တွန်ဘော်ဒီးဆလမ် ဦးဆောင်တဲ့ စေတနာရှင်အဖွဲ့ဟာ ထိုင်းနိုင်ငံ တောင်ဘက်စွန်းမှ မြောက်ဘက်စွန်းကို ပြေးလွှားပြီး ဗဟိုဆေးရုံ ၁၁ ရုံအတွက် အလှူငွေ ဘတ်သန်းပေါင်း ၇၀၀ ရရှိရေး ကောက်ခံနေပါတယ်။
တွန်ဟာ ပရကျူတ်ခီရီခန်ခရိုင် ဆေးရုံမှာ ဆေးဝါးကုသရေးကိရိယာ မပြည့်စုံမှုကြောင့် မသေဆုံးသင့်ဘဲ သေဆုံးခဲ့ရတဲ့ လူနာတွေ တွေ့ရှိပြီး နိုင်ငံသားတဦးကို ဆယ်ဘတ်စီ အလှူငွေ ထည့်ဝင်နိုင်မယ့် “လူတယောက် ခြေတလှမ်း” လို့ အဓိပ္ပာယ်ရတဲ့ အလှူငွေကောက်ခံရေးအဖွဲ့ တဖွဲ့ ထူထောင်ပြီး နယ်လှည့်ပြေးလွှားကာ အလှူငွေ ကောက်ခံခဲ့ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်နေ့က စတင်ခဲ့တဲ့ ခရီးစဉ်မှာတော့ ထိုင်းနိုင်ငံ တောင်ဘက်စွန်းမြို့ ဖြစ်တဲ့ ယာ့လားခရိုင် ဗေဒုံးမြို့ကနေ မြောက်ဘက်စွန်း ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့အထိ အကွာအဝေး ကီလိုမီတာပေါင်း ၂၁၉၁ ပြေးလွှားမှာဖြစ်ပြီး လာမယ့် ဒီဇင်ဘာ ၂၅ ရက်နေ့မှာ အပြီးသတ်ဖို့ လျာထားပါတယ်။
အလှူငွေအနေနဲ့ လူတဦးကို ဘတ် ၁၀ နှုန်းကျ တွက်ဆပြီး ထိုင်းပြည်သူ သန်းပေါင်း ၇၀ ရှိတဲ့အတွက် ဘတ်သန်းပေါင်း ၇၀၀ ရရှိဖို့ ရည်မှန်းထားကြောင်း၊ အဲဒီအလှူငွေတွေကို ထိုင်းနိုင်ငံက ဗဟိုပြည်သူ့ဆေးရုံပေါင်း ၁၁ ရုံအတွက် ခေတ်မီဆေးဝါးကုသရေး ကိရိယာတွေ လှူဒါန်းပေးဖို့ ဖြစ်တယ်လို့ တွန်က သတင်းထောက်တွေကို ပြောပါတယ်။
ဒါပေမယ့် သူ ပြေးလွှားရောက်ရှိခဲ့တဲ့ နေရာတိုင်းက ပြည်သူတွေဟာ တဦးကို ဘတ် ၁၀ မကဘဲ အဆပေါင်းများစွာ လှူဒါန်းကြတာမို့ ထိုင်းလူမျိုးတွေရဲ့ စေတနာကို အထင်သေးမိတဲ့ သူ့ကို ခွင့်လွှတ်ဖို့ တောင်းပန်ခဲ့ပါတယ်။
တွန်နဲ့အဖွဲ့ အလှူငွေ လိုက်ကောက်တဲ့ လမ်းတလျှောက်မှာ ကလေးကစ လူကြီး၊ လူအို၊ မသန်စွမ်း၊ နာမကျန်းသူတွေပါ လူတန်းစားစုံ အလွှာစုံ လာရောက်စောင့်ကြို လှူဒါန်းကြပြီး ကျောင်းသားလူငယ်တွေလည်း တီးဝိုင်းတွေနဲ့ တွန်ရဲ့သီချင်းတွေကို သီဆိုအားပေးခဲ့ကြပါတယ်။
တွန်ကလည်း ရောက်ရှိခဲ့ရာ ဒေသမှာ ဆင်းရဲနွမ်းပါးတဲ့ ကျောင်းသူ ကျောင်းသားတွေ၊ ချို့တဲ့တဲ့ စာသင်ကျောင်းတွေအတွက် ပညာသင်ထောက်ပံ့ကြေးတွေ အလှူငွေတွေ ထည့်ဝင်ခဲ့ပါတယ်။
တွန် ဦးဆောင်တဲ့ လူတယောက် ခြေတလှမ်း လုပ်ငန်းစဉ်မှာ သူဌေးသူကြွယ်တွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ၊ ကုမ္ပဏီပိုင်ရှင်တွေပါ ဘတ်သန်းနဲ့ချီ ပါဝင်လှူဒါန်းခဲ့ပါတယ်။
သူတို့အဖွဲ့ဟာ ဒီကနေ့မှာတော့ မြို့တော်ဘန်ကောက်ကို ရောက်ရှိနေပြီး ပြေးလာခဲ့တဲ့ အကွာအဝေးပေါင်း ၁၂၈၈ ကီလိုမီတာ ရောက်ပြီဖြစ်ကာ အလှူငွေ ဘတ်သန်းပေါင်း ၅၀၀ ကျော် ရရှိနေပြီ ဖြစ်ပါတယ်။
သူတို့အဖွဲ့ရဲ့ လုပ်ရပ်ကို တနိုင်ငံလုံးက ထောက်ခံအားပေးနေတာ တွေ့ရတဲ့အတွက် ဒသမမြောက် ထိုင်းဘုရင်က အားပေးစကားနဲ့ အာဟာရဖြည့် အားဆေးတွေ ပေးပို့ခဲ့ပါတယ်။
ဒီမနက်မှာလည်း ထိုင်းဝန်ကြီးချုပ်က ခေါ်ယူတွေ့ဆုံကာ အားပေးစကားပြောသလို သူ့ကိုယ်ပိုင်အလှူငွေရော၊ အစိုးရအိမ်တော်မှ အလှူငွေတွေပါ ပေးအပ်ခဲ့ပါတယ်။
အစိုးရအနေနဲ့ ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှုကို အဘက်ဘက်က ဖြည့်ဆည်းပေးနိုင်အောင် ကြိုးစားနေပေမယ့် မပြည့်စုံနိုင်သေးကြောင်း၊ သူတို့မှာရှိတဲ့ ရန်ပုံငွေဟာ လူတဦးချင်းစီရဲ့ ကျန်းမာရေးအာမခံကိစ္စကို ဦးစားပေးနေလို့ ကုသရေး ကိရိယာဘက်မှာ လိုအပ်ချက် ရှိနေသေးကြောင်း၊ အခုလို တွန် ဦးဆောင်ပြီး အလှူငွေ ကောက်ခံနေတာဟာ နတ်ရွာစံ ထိုင်းဘုရင်ကြီး လမ်းပြပေးတဲ့ လမ်းစဉ်အတိုင်း သွားနေတာဖြစ်ကြောင်း၊ တတိုင်းပြည်လုံး အလှူရှင်ဖြစ်အောင် ဆွဲခေါ်လာနိုင်ပြီး အရေးကြီးတဲ့ ကျန်းမာရေးကိစ္စမှာ တဖက်တလမ်းက ကူညီတဲ့အတွက် ကျေးဇူးတင်ကြောင်း၊ အနာဂတ်လူငယ်တွေအတွက် စံပြအဖြစ် ဆက်လက်ကြိုးစားဖို့ ပြောခဲ့ပါတယ်။
ဝန်ကြီးချုပ်က ပြည်သူတွေဟာ သူ့ထက် တွန်ကို ပိုချစ်တယ်ဆိုတာ သူ သိကြောင်း၊ အထူးသဖြင့် ပျိုတိုင်းကြိုက်ဖြစ်နေလို့ တွန်ရဲ့ ချစ်သူဖြစ်သူ ကွိုင့်ကို သဝန်မတိုဖို့၊ သဘောထားကြီးဖို့၊ တွန်ရဲ့ ခြေဖနောင့်ကို တက်မနင်းဖို့ အရွှန်းဖောက်ပြီး ပြောခဲ့ပါတယ်။
လက်ရှိ အသက် ၃၈ နှစ်ရွယ် တွန် ဘော်ဒီးဆလမ်ဟာ အလယ်တန်းကျောင်းသား ဘဝကတည်းက လူငယ်တီးဝိုင်းကို ထူထောင်ခဲ့ပြီး ဘန်ကေက်ချူလာလောင်ကွန်တက္ကသိုလ်ကနေ ဥပဒေဘွဲ့ ရခဲ့ပါတယ်။ အဲဒီနောက် ကမ္ဘောဒီးယားလေကြောင်းလိုင်းမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
ဘဝရသတေးသီချင်းတွေ အများဆုံး ရေးစပ်သီဆိုပြီး လူငယ်တွေကြား ရေပန်းစားတဲ့ တေးသံရှင်တယောက် ဖြစ်ပါတယ်။ သူ့ချစ်သူ မိန်းကလေးကွိုင့်မှာလည်း ရေဒီယို ဒီဂျေ၊ အဆိုတော်၊ ရုပ်ရှင်သရုပ်ဆောင်တဦးဖြစ်ပြီး ချစ်သူရည်းစားသက် ၇ နှစ်တာကာလအတွင်း နာမည်ပျက် လုံးဝမရှိတဲ့အတွက် လူတွေရဲ့ ချီးမွမ်းခံရတဲ့ အတွဲတတွဲ ဖြစ်ပါတယ်။
ထိုင်းတောင်စွန်းမှ မြောက်စွန်း အပြေးခရီးစဉ်တလျှောက်လုံးမှာ သူ့ချစ်သူ ကွိုင့်ကလည်း အနားကလိုက်ပြေးပြီး တွန်ကို အနီးကပ် ဂရုစိုက်နေပါတယ်။
ကိုးကား - ထိုင်းသတင်းများ
3 years Ago