အလှူငွေထည့်ရသည့်ကိစ္စနှင့် စည်းကမ်းတင်းကြပ်မှုကြောင့် အန်အယ်လ်ဒီအမတ် ၂ ဦး နုတ်ထွက်

September 24, 2018

အလှူငွေထည့်ရသည့်ကိစ္စနှင့် စည်းကမ်းတင်းကြပ်မှုကြောင့် အန်အယ်လ်ဒီအမတ် ၂ ဦး နုတ်ထွက်

ပါတီကို ပြန်ပြီးအလှူငွေထည့်နေရတာနဲ့ စည်းကမ်းတင်းကြပ်တာတွေကြောင့် လွှတ်တော် ကိုယ်စားလှယ် နှစ်ဦး ပါတီကနေ နုတ်ထွက်ခွင့် တောင်းလာတဲ့အပေါ် ခွင့်ပြုခဲ့တယ်လို့ အန်အယ်လ်ဒီပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က ပြောပါတယ်။ ပါတီကနေ နုတ်ထွက်ခွင့်ပြုခဲ့တဲ့  လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးကတော့ ရန်ကုန်တိုင်း မဲဆန္ဒနယ် အမှတ် (၉)က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖေချစ်နဲ့  မကွေးတိုင်း မဲဆန္ဒနယ်အမှတ် (၅)က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်း အောင်တို့ပဲ ဖြစ်ပါတယ်။ နုတ်ထွက်ရတဲ့ အကြောင်းရင်းနဲ့ပတ်သက်လို့ ပါတီပြောခွင့်ရသူ ဒေါက်တာမျိုးညွှန့်က “ပါတီစည်းကမ်းတွေက တင်းကြပ်လွန်းတယ်။ ပါတီကို ပြန်ပြီးတော့ အလှူငွေထည့်တဲ့ အင်အားကလည်း ဒါတွေအတွက် လွတ်လွတ်လပ်လပ်လုပ်ချင်တယ်ဆိုပြီး ပါတီကနေ နုတ်ထွက်ခွင့်တောင်းတာပါ။ အဲ့ဒါကို ဒီကနေ့ အစည်းအဝေးကနေ အတည်ပြုလိုက်တာပါ”လို့ ပြောပါတယ်။ စက်တင်ဘာ၂၃ ရက်က နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ ကျင်းပတဲ့ အန်အယ်လ်ဒီပါတီ ဗဟိုကော်မတီ (စီအီးစီ) အစည်းအဝေးအပြီးမှာ သတင်းထောက်တွေကို ခုလို ဖြေကြားခဲ့တာပါ။ လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးကို ပါတီကနေ နုတ်ထွက်ခွင့်ပြုခဲ့ပေမယ့် ပါတီကို ထိခိုက်မှုနဲ့ လွှတ်တော်ထဲမှာ ထိခိုက်မှုတွေတော့ မရှိနိုင်တဲ့အကြောင်းလည်းဒေါက်တာ မျိုးညွန့်က ပြောပါတယ်။ “ပါတီက နေလွှတ်တော်ကိုယ်စားလှယ်တွေ နုတ်ထွက်ပေမယ့် ထိခိုက်မှုကတော့ လုံးဝမရှိပါဘူး။ ကျနော်တို့က အများကြီးကို ရာနှုန်းများများ နိုင်ထားတော့ ဒီအတွင်းမှာ ဘယ်လိုမှာအပြောင်းအလဲ မဖြစ်နိုင်ပါဘူး။ ပါတီစည်းကမ်းကိုတော့ လျော့ပေးဖို့တော့ အကြောင်းမရှိပါဘူး။ ပါတီစည်းကမ်းကိုတော့ ဘယ်လို စနစ်တကျနဲ့ ကိုင်တွယ်မလဲ ဆိုတာတွေတော့ ဆွေးနွေးတာတွေရှိပါတယ်။ ဖြစ်နိုင်ရင်တိုင်းနဲ့ ပြည်နယ်တွေက ပိုပြီး ထိထိရောက်ရောက် လုပ်ဆောင်လာနိုင်အောင်ဆိုတာတွေ ဒါတွေ ဆွေးနွေးတာတွေရှိပါတယ်” လက်ရှိအချိန်အထိ အန်အယ်လ်ဒီပါတီကနေ နုတ်ထွက်သွားတဲ့ လွှတ်တော်ကိုယ်စားလှယ်  လေးဦး အထိ ရှိလာဖြစ်တယ်လို့လည်း သိရပါတယ်။
4 years Ago
Up