ထိုင်းနိုင်ငံမှာ စက်တင်ဘာ ၈ ရက် မနက်အစောပိုင်းက အလှူခံကြွလာတဲ့ ဘုန်းကြီးတပါးကို တောဆင်ရိုင်းတကောင်က အလစ်တိုက်ခိုက်ခဲ့ပါတယ်။
ဒီအဖြစ်အပျက်ဟာ ရာယောင်ခရိုင်၊ ခေါင်ချန်မာရိုဒေသ၊ ကျေးရွာတရွာအနီး လမ်းမတခုပေါ်မှာ ဖြစ်ခဲ့တာလို့ သည်နေးရှင်းသတင်းမှာ ဖော်ပြပါတယ်။
အသက် ၂၄ နှစ်အရွယ် ဖရာဖန်နူဝပ် သန်နူဆာရို အမည်ရတဲ့ အဲဒီဘုန်းကြီးဟာ လမ်းမပေါ်ကို ရုတ်တရက်ရောက်လာတဲ့ ဆင်ရိုင်းကို တွေ့ချိန်မှာ ဘယ်လိုမှ ရှောင်ဖို့အချိန်မရခဲ့ဘူးလို့ ပြောပါတယ်။
ဆင်ရိုင်းဟာ သူ့ကို နှာမောင်းနဲ့ရိုက် တိုက်ခိုက်ခဲ့ပြီးနောက်မှာတော့ တောထဲကို အလျင်အမြန် ပြန်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ဆင်ရိုင်းတိုက်ခိုက်ခံရမှုကြောင့် ဘုန်းကြီးမှာ နံရိုးတွေကျိုးသွားခဲ့ပြီး ခေါင်ချန်မာရိုဒေသတွင်းဆေးရုံကို ပို့ဆောင်ထားခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
4 years Ago