အလှူငွေ

September 14, 2021

“ကျပ် ၃၀၀၀-တောင်ဇလပ်ပန်းကမ်ပိန်း”မှ အလှူငွေသိန်း ၄၀ ရရှိ၊ မင်းတပ်နှင့်ဖလမ်း CDF သို့ လှူ ဒါန်း

“ကျပ် ၃၀၀၀-တောင်ဇလပ်ပန်းကမ်ပိန်း”ကနေ ကျပ်သိန်း ၄၀ လက်ခံရရှိခဲ့ပြီး ချင်းပြည် နယ်၊ မင်းတပ်နဲ့ ဖလမ်းမှ တော်လှန်ရေးအင်အားစုတွေဆီ ပေးပို့ထောက်ပံ့ခဲ့ပြီးဖြစ်တယ်လို့ ထုတ် ပြန်ပါတယ်။

ဒီကမ်ပိန်းကိုတော့ ဆေးတက္ကသိုလ်(၁) ကျောင်းသားသမဂ္ဂနဲ့ ရန်ကုန်နည်းပညာ တက္ကသိုလ် ကျောင်းသားသမဂ္ဂတို့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး ချင်းပြည်နယ်ဒေသရှိ ရဲရဲတောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ကူညီထောက်ပံ့ဖို့ရည်ရွယ်ကာ စက်တင်ဘာ ၁ ရက်ကနေ ၅ ရက်အထိ ပြုလုပ်ခဲ့တာပါ။

  လက်ရှိမှာတော့ ပါဝင်လှူဒါန်းပေးခဲ့ကြတဲ့ ထောက်ပံ့ရေးတပ်သားတိုင်းကို ကျေးဇူး အထူးပင်တင်ရှိကြောင်းနဲ့ အကြမ်းဖက်စစ်တပ်ကို အပြီးတိုင်ချေမှုန်းနိုင်သည်အထိ ဆက်လက်ကြိုးပမ်းသွားမှာဖြစ်ကာ နောင်အခါမှာလည်း ပြည်သူ့အင်အားနဲ့ ပါဝင်ကူညီ ပေးသွားကြဖို့ မေတ္တာရပ်ခံထားပါတယ်။

ချင်းပြည်နယ်မှာတော့ အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေစတင်ခဲ့တာ လနဲ့ချီကြာမြင့်နေခဲ့ပြီ ဖြစ်ကာ တိုက်ပွဲတွေကြောင့် ဒေသခံတွေ ထောင်သောင်းချီ နေရပ်စွန့်ခွာထွက်ပြေးတိမ်း ရှောင်နေကြရတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ကာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူခဲ့တာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလဟာ ၇ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ကျဆုံးရသူတွေ၊ ဖမ်းဆီးထောင်ချခံရသူတွေနဲ့အတူ နိုင်ငံအဝန်း တောရောမြို့ပါမကျန် ဒေသခံပြည်သူ့ကာ ကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြားတိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ရဲ့ ထုတ် ပြန်ချက်အရ လတ်တလောအချိန်ထိ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ် မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၀၈၀ ကျော်၊ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူပေါင်း ၈,၀၀၀ ကျော် ရှိခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စစ်အာဏာရှင် ဆန့်ကျင်ရေး ခုခံတွန်းလှန်စစ်စတင်ကြောင်းနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက် စစ်အုပ်ချုပ်ရေးကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြဖို့ စက်တင်ဘာ ၇ ရက်က ကြေညာထားခဲ့တာ ဖြစ်ပါတယ်။

4 months Ago

July 18, 2021

ကိုဗစ်ကာကွယ်ဆေးဝယ်ယူရန် အလှူငွေကျပ် ၁ သိန်းရရှိဟု စစ်ကောင်စီထုတ်ပြန်

အာဏာသိမ်းစစ်ကောင်စီက ကိုဗစ်ကာကွယ်ဆေးဝယ်ယူနိုင်ရေးအတွက် ပြည်တွင်းပြည်ပ အလှူရှင်တွေဆီကနေ အလှူငွေကောက်ခံနေရာမှာ   ဇူလိုင် ၁၂ ရက်မှ  ၁၆ ရက်နေ့အထိ အလှူရှင်တစ်ဦးတည်းဆီက  ငွေကျပ် ၁ သိန်းရရှိထားတယ်လို့ စစ်ကောင်စီ သတင်းစာတွေမှာ ထုတ်ပြန်ထားပါတယ်။

ကိုဗစ်ကာကွယ်ဆေးဝယ်ဖို့ ငွေလှူဒါန်းတဲ့ တစ်ဦးတည်းသောပုဂ္ဂိုလ်ကတော့  ဆိတ်ဖြူမြို့က ဒေါ်ပြန့်ဆိုတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။

အန်အယ်လ်ဒီ အစိုးရလက်ထက်မှာတုန်းက ဝယ်ယူသုံးစွဲခဲ့ခြင်းမရှိတဲ့ တရုတ်နိုင်ငံထုတ် sinovac ကိုဗစ်ကာကွယ်ဆေးကို အာဏာသိမ်းစစ်ကောင်စီက အမေရိကန်ဒေါ်သာ ၁၀ သန်းခွဲဖိုး မှာ ယူထားပါတယ်။ 

အဲဒီဆေးဝယ်ယူဖို့အတွက် ပထမအရစ်ကြိုတင်ပေးချေငွေ အမေရိကန်ဒေါ်လာ  ၇ သန်းပေးရမှာဖြစ်ပြီး ဒုတိယအရစ်ကြိုတင်ပေးသွင်းငွေအတွက် အမေရိကန်ဒေါ်လာ ၃ သန်းခွဲပေးချေးရမှာပါ။

အခုသုံးစွဲခဲ့တဲ့ငွေကြေးတွေက အန်အယ်လ်ဒီ အစိုးရလက်ထက်က မြန်မာ့စီးပွားရေးဘဏ် (နေပြည်တော်) မှာ ဖွင့်လှစ်ထားတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေထဲကနေ  သုံးစွဲခဲ့တာပါ။

အရပ်သားအစိုးရလက်ထက်က မြန်မာနိုင်ငံအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေအဖြစ်   နိုင်ငံတော်ကနေ မတည်ရန်ပုံငွေ အမေရိကန် ဒေါ်လာ သန်း ၂၅၀ နဲ့  ကျပ်သန်း ၁၀၀၀  စတင်ထည့်ဝင် ပြီးထူထောင်ခဲ့တာပါ။ 

လက်ရှိမှာတော့ အာဏာသိမ်းစစ်ကောင်စီက အဲဒီရန်ပုံငွေတွေထဲကနေ ကိုဗစ်ကာကွယ်ဆေးတွေ ဝယ်ယူသုံးစွဲနေပြီး  လက်ကျန်ငွေ အမေရိကန်ဒေါ်လာ ၁၆၇ သန်းကျော် ကျန်ရှိနေသေးတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

6 months Ago
More News
Up