အလှဖန်တီးရှင်လင်းလင်း

December 28, 2020

အလှဖန်တီးရှင်လင်းလင်း ကပြဖျော်ဖြေခဲ့သည့် အငြိမ့်ပွဲ လူကြိုက်များနေ(ရုပ်သံ)

နာမည်ကြီး မိတ်ကပ်အလှဖန်တီးရှင် လင်းလင်း အငြိမ့်မင်းသမီးတလက်အနေနဲ့ ကပြဖျော်ဖြေခဲ့တဲ့ ဟေမန်ရာသီသဘင်ပွဲဟာ ဖေ့စ်ဘွတ်ခ်အင်တာနက် လူမှုကွန်ရက်စာမျက်နှာပေါ် နာမည်ကြီးနေပါတယ်။ မာလာမြိုင် ဟေမန်ရာသီသဘင်ပွဲတော်အမည်ရတဲ့ ဒီဖျော်ဖြေပွဲကိုတော့ ဩဂုတ်လ ၁ ရက်နေ့က စတင်ကာ တင်မောင်ဆန်းမင်းဝင်း၊ ဟန်ဇာမိုးဝင်းတို့က အပတ်စဉ် ကပြဖျော် ဖြေနေတာဖြစ်ပြီး တိုက်ရိုက်လိုက်ဖ်အနေနဲ့ အွန်လိုင်းက ထုတ်လွှင့်ပေးနေတာပါ။ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တွေတိုင်း ညစဉ် ၇ နာရီမှာ ကပြဖျော်ဖြေတဲ့ ဒီပွဲကိုတော့ Myanmar Media 7၊ 7th Sense Creation နဲ့ Malarmyaing Group တို့ရဲ့ ဖေ့စ်ဘွတ်ခ် အင်တာနက်စာမျက်နှာပေါ်မှတဆင့် အချိန် ၃ လကြာ တိုက်ရိုက်ထုတ်လွှင့် ပြသခဲ့တာဖြစ်ပါတယ်။ တင်မောင်ဆန်းမင်းဝင်းဟာ မြန်မာ့ဇာတ်သဘင်လောကရဲ့ နာမည်ကြီး သဘင်ပညာရှင် ရွှေမန်းတင်မောင်ရဲ့မျိုးဆက်ဖြစ်ပြီး သစ္စာမေတ္တာရွှေမန်းသဘင်အနေနဲ့ ခုချိန်ထိတိုင် လက်ဆင့်ကမ်း အမွေဆက်ခံကပြနေဆဲဖြစ်တဲ့ မင်းသားတလက်ဖြစ်ပြီး ဟန်ဇာမိုးဝင်းကတော့ သဘင်ပညာရှင် မင်းသားကြီး စိန်မာဒင်မျိုးဆက် မဟာရန်ကုန်စံပြသဘင် အနေနဲ့ မောင်နှမတွေဖြစ်ကြတဲ့ တင်ဇာမိုးဝင်း၊ အဂ္ဂါမိုးဝင်းတို့နဲ့အတူ လက်ဆင့်ကမ်း သဘင်မျိုးဆက် အနုပညာရှင်တွေအနေနဲ့ ကပြဖျော်ဖြေနေတာ ဖြစ်ပါတယ်။ ခုတခါ ဟေမန်ရာသီသဘင်ပွဲတော်မှာတော့ နာမည်ကြီးမင်းသား ၂ လက်ဖြစ်တဲ့ တင် မောင်ဆန်းမင်းဝင်းနဲ့ ဟန်ဇာမိုးဝင်းတို့ရဲ့ ပူးတွဲဖျော်ဖြေမှုဟာ ကိုဗစ်-၁၉ ကပ်ဘေး ကာလတွင်း ပွဲလမ်းသဘင်တွေနဲ့ ဝေးနေရတဲ့ ပရိသတ်တွေအတွက် အမောပြေစေခဲ့တာ ဖြစ်ပါတယ်။ အပတ်စဉ်ဖျော်ဖြေတင်ဆက်မှုတွေတိုင်း ဧည့်သည်အနုပညာရှင်တွေကိုလည်း ဖိတ်ကြား ဖျော်ဖြေတာတွေလုပ်သလို သူတို့ ၂ ယောက်ရဲ့ ဆန်းပြားတဲ့ ကကွက်တွေ၊ ပေါင်း စပ်ဖန်တီးမှုတွေနဲ့လည်း ဆွဲဆောင်ထားနိုင်ခဲ့တာမို့ ခုတခါ မိတ်ကပ်အလှဖန်တီးရှင် လင်းလင်းကို အငြိမ့်မင်းသမီးတလက်အနေနဲ့ ဖိတ်ကြားဖျော်ဖြေမှုဟာလည်း ပုံစံတမျိုးနဲ့ ပရိသတ်တွေကို ဆွဲဆောင်ထားနိုင်ခဲ့တာကို တွေ့ရပါတယ်။ လက်ရှိအချိန်ထိ ဒီဖျော်ဖြေပွဲ ရုပ်သံကိုတော့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ တရက်အတွင်း ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁ ဒသမ ၂ သန်းကျော် ရှိနေပါတယ်။
10 months Ago
Up