မက်ဆီကို၊ အိန္ဒိယ၊ အိုင်ယာလန်နဲ့ နော်ဝေနိုင်ငံတို့ဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အလှည့်ကျ အဖွဲ့ဝင်နိုင်ငံတွေအဖြစ် ဇွန်လ ၁၇ ရက်က ရွေးကောက်ခံရပါတယ်။
ဒါပေမယ့် ၅ နိုင်ငံမြောက်အတွက် ရှင်းလင်းတဲ့ အနိုင်ရသူ မရှိသေးတာကြောင့် ကျန်အဖွဲ့ဝင် တနေရာအတွက် ကုလသမဂ္ဂအဖွဲ့ဝင် ၁၉၃ နိုင်ငံဟာ ဇွန်လ ၁၈ ရက်မှာ ထပ်ပြီး မဲပေးရွေးချယ် ရဦးမှာပါ။
မက်ဆီကိုနဲ့ အိန္ဒိယတို့က ကန့်ကွက်မဲ မရှိ အနိုင်ရခဲ့တာပါ။
အာဖရိကကိုယ်စားပြု ကင်ညာနဲ့ဒီဘောင်တီနိုင်ငံတို့က နောက်ဆုံးနေရာအတွက် ယှဉ်ပြိုင်ခဲ့ ပေမယ့် ရှင်းရှင်းလင်းလင်း အနိုင်ရမှု မရှိခဲ့ပါဘူး။
လုံခြုံရေးကောင်စီအတွင်း ပထဝီအနေအထားအရ ကိုယ်စားပြုတာ သေချာစေရေး ဒေသတွင်းအုပ်စုတွေအတွက် ကောင်စီဝင်နေရာကို သတ်မှတ်ထားပါတယ်။
ဒါပေမယ့် ကိုယ်စားလှယ်တွေဟာ သူတို့အုပ်စုအတွင်း ကန့်ကွက်မဲ မရှိ အနိုင်ရဖို့ လိုပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂအထွေထွေညီလာခံအတွင်း ကမ္ဘာ့နိုင်ငံ သုံးပုံ နှစ်ပုံကျော်ရဲ့ ထောက်ခံမှု ကိုလည်း ရဖို့လိုပါတယ်။
အဖွဲ့ဝင်အသစ်တွေဟာ ဇန်နဝါရီ ၁ ရက်က စပြီး အဖွဲ့ဝင် ၁၅ နိုင်ငံပါတဲ့ လုံခြုံရေး ကောင်စီမှာ ၂ နှစ်ကြာ တာဝန်ထမ်းဆောင်ရမှာပါ။
လုံခြုံရေးကောင်စီဟာ စစ်တပ်သုံးခွင့်အာဏာ၊ ဒဏ်ခတ်မှု ချမှတ်တာတွေလို တရားဝင် ဆုံးဖြတ်ချက်တွေ ချနိုင်တဲ့ ကုလသမဂ္ဂရဲ့ တခုတည်းသော အဖွဲ့လည်း ဖြစ်ပါတယ်။
ရွေးကောက်ခံစရာ မလိုဘဲ ဗီတိုအာဏာသုံးခွင့်ရှိတဲ့ အမြဲတမ်း အဖွဲ့ဝင် ၅ နိုင်ငံကတော့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ တရုတ်နဲ့ ရုရှားတို့ ဖြစ်ပါတယ်။
9 months Ago