အလှမ်းဝေးနေဆဲပါ

June 23, 2017

လုပ်ငန်းခွင်အန္တရာယ်ကင်းဝေး ကျန်းမာရေး အလှမ်းဝေးနေဆဲပါ

ဖဆပလ အစိုးရ အုပ်ချုပ်စဉ် ပါလီမန် ဒီမိုကရေစီခေတ်က မြန်မည်ပြည်မှာ “T Battery” လို့ ခေါ်တဲ့ ဘက်ထရီစက်ရုံတခု ရှိခဲ့ဖူးတယ်။ ပိုင်ရှင်ကတော့ ထားဝယ်သား ဒေါက်တာဦးအုန်းတင်ပါ။ ၁၉၆၃ ခုနှစ် ပြည်သူပိုင် သိမ်းတဲ့အထဲမှာ သူ့စက်ရုံလည်း ပါသွားခဲ့တယ်။ သူ့စက်ရုံမှာ လုပ်ခဲ့ဖူးတဲ့ အလုပ်သမားဟောင်း တယောက်က အဲဒီကာလရဲ့ လုပ်ငန်းခွင် ကြိုတင်ကာကွယ်မှုနဲ့ ပတ်သက်လို့ အခုလို ပြောပြပါတယ်။ “ဘက်ထရီစက်ရုံဝင်းရဲ့ အဝင်တံခါးမှာ ဖီးကြမ်းငှက်ပျောသီးတွေ အခိုင်လိုက် ချိတ်ထားတယ်။ ဘေးကခုံ စားပွဲပေါ်မှာလည်း ဒန်အိုးကြီးတွေထဲမှာ နွားနို့ကို အပြည့်ထည့်ထားတယ်။ ဒန်အိုးပေါ်မှာ“မတ်ခွက်” တွေ တင်ထားပါတယ်။ တံခါးကနေ အလုပ်သမားတယောက် ဝင်လာတာနဲ့ အနည်းဆုံး ဖီးကြမ်း ငှက်ပျောသီးတလုံးနဲ့ နွားနို့တခွက်ကို မသောက်မဖြစ် သောက်ရပါတယ်။ အလုပ်သမားက စားနိုင်ရင် ငှက်ပျောသီးတလုံးမက စားလို့ ရသလို နွားနို့ကိုလည်း တခွက်မက သောက်လို့ရတယ်။ ဒါပေမယ့် ဒီနှစ်မျိုးလုံးကို မသောက်တဲ့၊ မစားတဲ့ အလုပ်သမားကတော့ စက်ရုံထဲ ဝင်ခွင့်မရှိပါဘူး။ ဘာလို့လဲဆိုတော့ ဘက်ထရီစက်ရုံဆိုတာ “ခဲတွေ အက်ဆစ်လို ဓာတုပစ္စည်းတွေ”နဲ့ လုပ်ရတာမို့ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းဖို့အတွက် ကြိုတင်ကာကွယ်တဲ့ သဘောပါ။ “ခဲ” ဆိပ်ကို ဒါတွေကပဲ နိုင်တာပါ။ ၁၉၆၃ ခုနှစ် ပြည်သူပိုင် သိမ်းပြီးတော့ ဒီအခွင့်အရေးတွေ မရတော့ပါဘူး။ ဒါ့အပြင် တလ တကြိမ် အလုပ်သမားများ အလှည့်ကျ ဆေးစစ်ဆေးပေးခြင်းလည်း မရှိတော့ပါဘူး။ ကျနော်တို့လည်း အသက်အန္တရာယ် ကြောက်လာတာနဲ့ အလုပ်ထွက်လိုက်ကြပါတယ်”လို့ ဆိုပါတယ်။ ဒီနေ့ အလုပ်လုပ်နေကြတဲ့ အလုပ်သမားတွေရဲ့ အသက်အန္တရာယ်မကင်းတဲ့ လုပ်ငန်းခွင် အနေအထားတွေကို မြင်တွေ့ရတိုင်း ဖဆပလခေတ် အလုပ်သမားကြီးတွေ ပြောခဲ့ဖူးတာတွေကို သတိရနေမိပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ ဆိုလည်း ဝတ်စုံကအစ လုံခြုံရေးဖိနပ်၊ ခါးပတ် မပါရှိတာအဆုံး အားလုံးနီးပါးက အန္တရာယ်ကို လက်ကမ်းခေါ်နေသလိုပါပဲ။ ဓာတုပစ္စည်းနဲ့မကင်းတဲ့ စက်ရုံတွေမှာလည်း ဓာတုအဆိပ်သင့်ခြင်းရဲ့ အန္တရာယ်က   လက်ကမ်းကြိုနေတာပါ။ ဒါတွေဟာ အလုပ်ရှင်အလုပ်သမားသာမက အစိုးရတရပ်အပေါ်မှာလည်း တာဝန်ရှိနေပါတယ်။ တချိန်တည်းမှာ အလုပ်ခွင်စစ်ဆေးရေးအဖွဲ့တွေနဲ့ အလုပ်သမားသမဂ္ဂတွေရဲ့ အားနည်းချက်လား ဆိုတဲ့ အမေးတွေက ထွက်ပေါ်လာခဲ့ပါတယ်။ ဒါတွေကို အကြောင်းပြုပြီး DVB (Law Lab) ပိုင်းခြားစိတ်ဖြာဥပဒေရေးရာ အစီအစဉ်မှာ တင်ပြဖို့ ဖြစ်လာခဲ့ပါတယ်။ တကယ်တော့ ဒီဥပဒေမျိုးကို အရင်က သီးခြားပြဋ္ဌာန်းထားတာ မရှိခဲ့ပါဘူး။ အလုပ်သမား လျော်ကြေးဥပဒေနဲ့ လူမှုဖူလုံရေးဥပဒေထဲမှာပဲ ဟိုတစစ ဒီတစ ပါခဲ့တာပါ။ ဥပဒေ ဆိုတာကတော့ တခါတည်းနဲ့ ပြည့်စုံတယ်ဆိုတာတော့ မရှိပါဘူး။ ခေတ်အခြေအနေ ကွာဟတာနဲ့ အခြေအနေ၊ အချိန်အခါနဲ့ညီအောင် ပြုပြင်ပေးကြရစမြဲပါ။ ဒီဥပဒေက လိုအပ်နေတာမို့ အမြန်ဆုံး ပြဋ္ဌာန်းပေးဖို့ လိုပါတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးမောင်မောင်ဝင်းက ပြောပါတယ်။ ဒီအချက်ကိုတော့ မြန်မာနိုင်ငံ စက်မှုလက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်ရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးနော်အောင်ကလည်း ထောက်ခံဆွေးနွေးတင်ပြသလို ၈၈ မျိုးဆက်နဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ အလုပ်သမားအရေး ဆောင်ရွက်သူ ဒေါ်မီးမီးကလည်း အမြန်ပြဋ္ဌာန်းရေးကို ဆွေးနွေးတင်ပြခဲ့ပါတယ်။ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်ရေးနဲ့ ကျန်းမာရေးဥပဒေကြမ်းမှာ အရေးပေါ် ဆေးခန်းတွေ စက်ရုံတိုင်းမှာ ဖွင့်လှစ်ပေးထားဖို့ မလိုဘူးလား၊ ဒါ့အပြင် ဥပဒေ အသက်မဝင်တာကို ဘယ်လို လုပ်ဆောင်သင့်သလဲတဲ့ ဆိုတဲ့ အစီစဉ် တင်ဆက်သူ ဦးခင်သန်းရဲ့ အမေးကိုတော့ ဦးနော်အောင်က “ဥပဒေတရပ်ကို ရေးဆွဲ အတည်ပြုပြဋ္ဌာန်း အကောင်အထည်ဖော် ဆိုတာတွေဟာ တကယ်တော့ ဘာမှ ခက်ခဲတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ပညာရှင်တွေ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တွေနဲ့ အတူတကွ ပူးပေါင်း အကောင်အထည်ဖော် လုပ်ဆောင်ကြရမှာပါ။ အကောင်အထည်ဖော်ရာမှာတော့ ကြပ်မတ်တဲ့ အပိုင်းကလည်း အရေးကြီးတယ်။ ဒါကလည်း ကြပ်မတ်တဲ့သူတွေ အပေါ်မှာ မူတည်ပါတယ်။ အလုပ်သမားဝန်ကြီးဌာနက လုပ်ရမှာပါ။ ကြပ်မတ်တော့မယ်ဆိုရင် ဝန်ကြီးဌာနအနေနဲ့ ကြိုတင်အသိပေးထားဖို့ လိုတယ်လို့ ဆိုပါတယ်။ ဒေါ်မီးမီးကတော့ လုပ်ငန်းခွင် ကြီးကြပ်မှုကော်မတီက ကျန်းမာရေး စောင့်ရှောက်မှုကို ပုံမှန်လုပ်ပေးဖို့သင့်တဲ့အတွက် ဥပဒေမှာပါ ထည့်သွင်းရေးဆွဲသင့်တယ်လို့ အကြံပြုပါတယ်။ ဆွေးနွေးချက်အားလုံးကို ပြန်သုံးသပ်ကြည့်ရင် အားလုံးကတော့ “လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနဲ့ ကျန်မာရေးဥပဒေ”ဟာ အရင်က မရှိခဲ့ပေမယ့် အခုချိန်မှာတော့ မရှိမဖြစ် ပြဋ္ဌာန်းသင့်တဲ့ ဥပဒေတရပ်အဖြစ် ရှုမြင်ကြပါတယ်။ ဒါဟာ ကြိုတင်ကာကွယ်ခြင်း သဘောလည်း ဖြစ်နေပါတယ်။ ဒီဥပဒေကို မပြဋ္ဌာန်းမီမှာတော့ သူနဲ့ ဆက်စပ်နေတဲ့ “လူမှုဝန်ထမ်းဥပဒေ”နဲ့လည်း သဟဇာတဖြစ်အောင် လုပ်ဆောင်ပေးကြရမှာပါ။ ကလေးသူငယ် စောင့်ရှောက်မှုဥပဒေ၊ အလုပ်သမား ထိခိုက်နာကျင်မှု လျော်ကြေးပေးရေးဆိုင်ရာ ကိစ္စရပ်တွေကိုလည်း ပြန်လည် သုံးသပ်ပေးကြရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘယ်ဥပဒေထဲမှာမှ ထဲထဲဝင်ဝင် ပါဝင်ခြင်းမရှိသေးတဲ့ အမျိုးသမီး အိမ်အကူ အလုပ်သမားတွေအတွက်လည်း ထိရောက်တဲ့ အကာကွယ်ပေးမှုတွေ ထည့်သွင်း စဉ်းစားပေးသင့်ပါတယ်။ အိမ်အကူအလုပ်သမတွေရဲ့ လုပ်ငန်းခွင်ဟာ ဘေးအန္တရာယ်နဲ့ အနီးဆုံးမှာ ရှိနေတာကိုလည်း မေ့လျော့မထားသင့်ပါဘူး။ တဆက်တည်းမှာပဲ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ ကျန်မာရေးဥပဒေမှာ စာချွန်တော် တင်သွင်းခွင့် ပိတ်ပင်ထားတဲ့ အချက်ကိုလည်း ပြန်လည်ဖျက်သိမ်းပေးသင့်ပါတယ်။ ဒါဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားတယောက် ရပိုင်ခွင့်ကို ပိတ်ပင်ရာကျနေတာကို တွေ့ရပါတယ်။ အလုပ်သမားအခွင့်အရေးနဲ့ တိုက်ရိုက် သက်ဆိုင်နေတာက အလုပ်သမားလျော်ကြေးငွေပါ။ အလုပ်သမားဟာ လူမှုဖူလုံရေး ကြေးကို လစဉ် ပေး သွင်းနေ ရ ပေမယ့် သူ့ရပိုင်ခွင့်ကိုတောင် သူမသိရှိပါဘူး။ထိခိုက်နာကျင်မှုအတွက် ထောက်ပံ့ကြေး ပေးရာမှာ လူမှုဝန်ထမ်းဌာနရဲ့ အချိန်ဆွဲ ကြန့်ကြာမှုတွေ မရှိရအောင် ဥပဒေမှာ တိတိကျကျ ထည့်သွင်းရေးဆွဲသင့်ကြောင်း  ကြံပြုတင်ပြလိုက်ရပါတယ်။
5 years Ago
Up