အလဲဗင်း

October 29, 2018

အလဲဗင်းသတင်းသမား ၃ ဦးကိစ္စ သတင်းစာရှင်းလင်းပွဲလုပ်မည်ဟု ဦးဖြိုးမင်းသိန်းပြော

Eleven Media Group က သတင်းသမား ၃ ဦးကို တရားစွဲဆိုတာနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတခု ပြုလုပ်သွားမယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုလိုက်ပါတယ်။ အခုလို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ (၅၀၅) ခ နဲ့ တရားစွဲဆိုတဲ့အပေါ် မေးမြန်းတဲ့အခါမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်မယ့်ရက် အတိအကျမေးမြန်းရာမှာတော့ ပြန်လည်ဖြေဆိုခြင်း မပြုပါဘူး။ "ဒီကိစ္စလားသတင်းစာရှင်းလင်းပွဲလုပ်မယ်လေ ညီလေး" လို့ သာပြောဆိုသွားပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်နေ့က ထုတ်ဝေတဲ့ Weekly Eleven ဂျာနယ်မှာ သတင်းဆောင်းပါးတခုနဲ့ပတ်သက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ပြည်သူများက အကြည်ညိုပျက်ပြီး အယုံအကြည်မဲ့စေတယ်ဆိုပြီး ပုဒ်မ ၅၀၅ ခနဲ့ တရားစွဲဆိုထားတာပါ။ အောက်တိုဘာ ၂၆ ရက်နေ့ ရုံးချိန်းမှာတော့ တရားသူကြီးက ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၉၇ (၁) အရ တဦးကို ကျပ် သိန်း ၁၀၀ စီနဲ့ အာမခံပေးခဲ့ပါတယ်။ သမ္မတရုံးကတော့ အခုအမှုကို သတင်းမီဒီယာဥပဒေနဲ့သာ ကိုင်တွယ်စေလိုပြီး သတင်းမီဒီယာကောင်စီကတဆင့် ညှိနှိုင်းဆောင်ရွက်ဖို့ ရန်ကုန်တိုင်းအစိုးရကို ညွှန်ကြားထားပါတယ်။ ဒါပေမယ့် အမှုရုပ်သိမ်းခြင်းမရှိပဲ သတင်းသမားသုံးဦးကို အာမခံသာပေးခဲ့အတွက် ပြင်းပြင်းထန်ထန်ဝေဖန်နေကြပါတယ်။
4 years Ago

October 26, 2018

အလဲဗင်းမီဒီယာ သတင်းသမား ၃ ဦးကို အာမခံပေး

ဖမ်းဆီးထိမ်းသိမ်းခံနေရတဲ့ အလဲဗင်းမီဒီယာ သတင်းသမား သုံးဦးကို တာမွေမြို့နယ် တရားရုံးက ဒီကနေ့မနက် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၉၇ (၁) အရ  တဦးကို ငွေကျပ် သိန်း ၁၀၀ စီ စုစုပေါင်း ကျပ်သိန်း ၃၀၀ နဲ့ အာမခံပေး လိုက်ပါတယ်။ သတင်းသမားတွေရဲ့အကျိုးဆောင်ရှေ့နေ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က "ဒီကနေ့မှာ သတင်းထောက် သုံးယောက်လုံးကို အာမခံပေးတယ်။ ပေးတဲ့ နေရာမှာ တရားမျှတစွာနဲ့ ဆရာတို့ လျှောက်လွှာမှာ ဖော်ပြထားတာတွေကို လက်ခံပြီးတော့ အာမခံပေးခဲ့တယ်"လို့ပြောပါတယ်။ အခုလို အာမခံပေးတာနဲ့ပတ်သက်ပြီး အလဲဗင်းမီဒီယာအုပ်စုက အယ်ဒီတာချုပ် ကိုကျော်ဇောလင်းကတော့ တရားရုံးတော်က တရားစီရင်ရေးကို မှန်မှန်ကန်ကန် ဆောင်ရွက်ခဲ့ တယ်လို့ ပြောပါတယ်။ တရားလိုအဖြစ်တိုင်တန်းတဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်ကတော့  ဒီကနေ့ တရားရုံးတော်ကိုရောက်မလာဘဲ ခွင့်တိုင်တန်းခဲ့ပါတယ်။ ဒီအမှုရုံးချိန်းကို တရားသူကြီးက လာမယ့် နိုဝင်ဘာ ၉ ရက်မှာ ထပ်မံချိန်းဆိုခဲ့ပြီး အမှု ဆက်လက်စစ်ဆေးမှာဖြစ်ပါတယ်။ အလဲဗင်းဂျာနယ် အယ်ဒီတာချုပ် ကိုကျော်ဇောလင်း၊ တာဝန်ခံအယ်ဒီတာ ကိုနရီမင်းနဲ့ သတင်းထောက်ချုပ် ကိုဖြိုးေ၀၀င်းတို့ကို အောက်တိုဘာ ၈ ရက်နေ့ထုတ် Weekly Eleven သတင်း ဂျာနယ် စာမျက်နှာ ၂၆ မှာဖော်ပြခဲ့တဲ့  ဆောင်းပါးနဲ့ ပတ်သက်ပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)နဲ့ ရန်ကုန်တိုင်းအစိုးရက အောက်တိုဘာ ၁၀ ရက်က စတင် တရားစွဲဆိုခဲ့တာပါ။ နိုင်ငံတော် သမ္မတ ရုံးကတော့ ဒီအမှုကို သတင်းမီဒီယာကောင်စီကနေတဆင့် ညှိနှိုင်းဆောင်ရွက်ဖို့နဲ့ မီဒီယာဥပဒေနဲ့သာ အရေးယူဖို့ ရန်ကုန်တိုင်း အစိုးရကို ညွှန်ကြား ထားပါတယ်။
4 years Ago
Up