အလောဘွမ်စခန်း

April 30, 2021

အလောဘွမ်စခန်းကို အကြမ်းဖက်တပ်ဖွဲ့က လေကြောင်းမှ အပြင်းအထန်ဆက်လက်တိုက်ခိုက်နေ

အလောဘွမ်တောင်စခန်းကို  စစ်ကောင်စီရဲ့ လေတပ်က ဂျက်တိုက်လေယာဉ် ၉ စီးလောက်နဲ့  ဒီနေ့ ဧပြီ ၃၀ မှာ အပြင်းအထန် လာရောက်ပစ်ခတ်နေတယ်လို့ ကေအိုင်အိုသတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်တွေက  သူတို့ဆုံးရှုံးထားတဲ့ အလောဘွမ်တောင်ကုန်း ပြန်လည်ရရှိရေး  မြေပြင်ထိုးစစ်ဆင်တာတွေ လုပ်ခဲ့ရာမှာ အကျအဆုံး များခဲ့ပြီး မသိမ်းနိုင်သေးတဲ့အတွက် အခုလို လေကြောင်းကနေ လာရောက်တိုက်ခိုက်နေတာလို့ သူက ပြောပါတယ်။

ဒီနေ့ တိုက်လေယာဉ်တွေနဲ့ ၅ ကြိမ်လောက် လာရောက်ပစ်ခတ်ခဲ့သလို လက်နက်ကြီးနဲ့လည်း ပစ်ခတ်တာတွေရှိပြီး အထိအခိုက်အကျအဆုံး ရှိ၊ မရှိကိုတော့ မသိရသေးဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ 

ပစ်ခတ်မှုတွေကြောင့် အနီးနား ရွာတွေက ဒေသခံပြည်သူတွေ မြို့ပေါ်တွေနဲ့ လုံခြုံရာကို ရွှေ့ပြောင်းနေကြရပါတယ်။

အလောဘွမ်တောင်ကုန်းကို ကေအိုင်အေက သိမ်းပိုက်ထားတာ တစ်လကျော်ကြာပြီဖြစ်ပြီး အကြမ်းဖက်စစ်တပ်က မြေပြင်နဲ့ ဝေဟင်က ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ နေ့စဉ် အပြင်းအထန် ပြုလုပ်နေပေမယ့် အကျအဆုံးသာများနေပြီး ပြန်လည်သိမ်းယူနိုင်ခြင်းတော့ မရှိသေးပါဘူး။

5 days Ago

April 28, 2021

အလောဘွမ်စခန်းကို အကြမ်းဖက်စစ်တပ်က ၁ လကျော် ဗုံးကြဲတိုက်ခိုက်နေသော်လည်း မသိမ်းနိုင်သေး

ကေအိုင်အေက သိမ်းပိုက်ထားတဲ့ အလောဘွမ်တပ်စခန်းအနီးကို  စစ်ကောင်စီတပ်တွေက ဂျက်တိုက်လေယာဉ်တွေနဲ့ ဧပြီ ၂၈ ရက်မှာ  လာရောက် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကေအိုင်အိုသတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဒီနေ့မနက်ပိုင်းကနေစတင်ပြီး နေ့လယ် ၁ နာရီဝန်းကျင်ထိ စုစုပေါင်း ၄ ကြိမ်လောက် ဂျက်ဖိုက်တာတွေနဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။

အလားတူ အလောဘွမ်စခန်းကုန်းတောင်ခြေမှာမှာရှိတဲ့ မြို့သစ်နဲ့ ကုန်းလော ဘက်မှာဆိုရင်လည်း မြေပြင်တိုက်ပွဲတွေ ဆက်ရှိနေတယ်လို့ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ အလောဘွမ်ကို ပြီးခဲ့တဲ့မတ်လ ၂၅ရက်နေ့ကတည်းက ဆုံးရှုံးထားခဲ့တာဖြစ်ပြီး မြေပြင်စစ်ကြောင်းတွေအပြင် လေယာဉ်နဲ့ပါ ပြန်လည်ထိုး စစ်ဆင်နေပေမယ့် ကေအိုင်အေဘက်ကတော့ စခန်းကုန်းကို ဆက်လက်ထိန်းသိမ်းထား နိုင်ဆဲဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီအနေနဲ့လည်း အရေးပါတဲ့ အဲဒီစခန်းကုန်းကို ပြန်လည်ရရှိရေးနည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေပြီး ကေအိုင်အေအနေနဲ့လည်း နည်းလမ်းပေါင်းစုံသုံးပြီးကာကွယ်သွားမယ်လို့ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။

1 week Ago
Up