အလုံးရေ၇သန်းကျော်

July 23, 2021

တရုတ်က လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး ၇ သိန်းကျော် ကနဦးရောက်ရှိလာ

မြန်မာနိုင်ငံကို တရုတ်အစိုးရက လှူဒါန်းတဲ့ ကနဦးကိုဗစ်-၁၉ ကာကွယ်ဆေး အလုံးရေ ၇ သိန်းကျော် ဇူလိုင် ၂၂ ရက်နေ့မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကတဆင့် ရောက်ရှိလာခဲ့ပါတယ်။

ဒါဟာ တရုတ်နိုင်ငံကနေ မြန်မာကို လှူဒါန်းမယ့် ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ သန်းရဲ့ ပထမအသုတ်အနေနဲ့ ပို့ဆောင်လိုက်တာလို့ မြန်မာနိုင်ငံဆိုင်ရာတရုတ် သံရုံးက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် အာဏာသိမ်း စစ်ကောင်စီဟာ တရုတ်နိုင်ငံကနေ ကာကွယ်ဆေး အရေအတွက် စုစုပေါင်း ၄ သန်း ဝယ်ယူထားခဲ့ပြီး ၁ သန်းကတော့ အခုလထဲ ရောက်ရှိလာမှာဖြစ်ကာ ကျန်တဲ့ ၃ သန်းကတော့ ဩဂုတ်လ ပထမ ပတ်ထဲမှာ ရောက်ရှိမယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံက လှူဒါန်းတဲ့ ကာကွယ်ဆေး ၂ သန်းနဲ့အတူ ကာကွယ်ဆေး အရေအတွက် စုစုပေါင်း ၆ သန်းကို ဦးတည်အုပ်စုတွေနဲ့ ဦးစားပေး အစီအစဉ်အလိုက် စနစ်တကျ ထိုးနှံပေးဖို့ ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန် ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကိုတော့ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ မတ် ၂၃ ရက်ကစတင်တွေ့ရှိခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်မှာတော့ အာဆီယံနိုင်ငံတွေထဲ အစောဆုံး ကာကွယ်ဆေးထိုးနှံတဲ့နိုင်ငံ ဖြစ်လာခဲ့ပါတယ်။

ခုရက်ပိုင်းတွေမှာ ရောဂါကူးစက်မှုဟာ နေ့စဉ်ရက်ဆက် ခပ်စိပ်စိပ်ဖြစ်နေခဲ့ပြီး    မျိုးရိုးဗီဇကွဲ ကိုဗစ်-၁၉ ရောဂါပိုး ၃ မျိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်းလည်း ဇွန် ၁၅ ရက်က ကြေညာထားခဲ့တာပါ။

ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့ ကာကွယ်ရေးဝန်ကြီးဌာန၊ ဆေးသုတေသနစင်တာမှ စစ်ဆေးတဲ့ ဓာတ်ခွဲစစ်ဆေးချက်အဖြေအရ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းလဲတဲ့ ပိုးတွေ့ရှိသူ ၁၁ ဦးရှိတယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ ရောဂါကူးစက်မှုတွေ မြင့်တက်နေတာကြောင့် နိုင်ငံတဝန်း စာသင်ကျောင်းတွေ ပိတ်ထားဖို့ စစ်ကောင်စီက ကြေညာထားတဲ့အပြင် ပိုးတွေ့နှုန်းများ တဲ့ မြို့နယ်တွေကိုလည်း Stay At Home မြို့နယ်တွေအဖြစ် ကန့်သတ်ထားပါတယ်။

မြန်မာနိုင်ငံတဝန်းမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၂ သိန်းခွဲကျော်၊ သေဆုံးသူပေါင်း ၆ ထောင်ကျော်ထိ ရှိလာခဲ့ကာ အာဆီယံဒေသတွင်း ကူးစက်မှုနဲ့ သေဆုံးမှုအမြင့်ဆုံး ၅ နိုင်ငံထဲ ပါဝင်နေပါတယ်။

6 months Ago
Up