အလုပ်သမား ၁ ဦး

September 20, 2020

ပုသိမ်မြို့ ဟီရှန်းအထည်ချုပ်စက်ရုံ အလုပ်သမား ၁ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

ဧရာဝတီတိုင်း၊ ပုသိမ်​မြို့၊ ခုတင် ​၅၀၀ ပြည်​သူ့​ဆေးရုံကြီးမှာ​ ကိုဗစ်-၁၉​ ရောဂါသံသယရှိသူ ၁၁ ဦးကို ဓာတ်​ခွဲနမူနာ စစ်​ဆေးရာမှာ ၁ ဦး ရောဂါပိုး​တွေ့ရှိခဲ့​တယ်လို့​ သိရပါတယ်​။ ပိုး​တွေ့ခဲ့သူ လူနာအမျိုးသမီးမှာ ကိုဗစ်​-၁၉​ ရောဂါပိုးရှိသူနဲ့ ထိ​တွေ့ခဲ့မှုမရှိသလို ခရီးသွားရာဇဝင်​မရှိသူလည်း ဖြစ်​တယ်​လို့​ ဆေးရုံအုပ်​ကြီးက သူ့ရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ​ ရေးသား​ဖော်​ပြထားပါတယ်​။ ပိုး​တွေ့ခဲ့တဲ့လူနာမှာ ပုသိမ်​မြို့ရှိ ဟီရှန်းအထည်ချုပ်စက်ရုံမှာ အလုပ်​လာ​ရောက်​လုပ်​ကိုင်​နေတဲ့ ​ကန်​ကြီး​ထောင့်​မြို့နယ်​က အသက်​၃၃ နှစ်​အရွယ်​ အမျိုးသမီး ဖြစ်​တယ်​လို့ ဆိုပါတယ်​။ အဲဒီအမျိုးသမီးဟာ လွန်ခဲ့တဲ့သုံးရက်က ဖျားနာလို့ ရွာက သားဖွားဆရာမဆီမှာ ဆေးထိုးခဲ့ပြီး အနံ့ပျောက်နေတာလည်း သုံးရက်လောက်ရှိနေလို့ နောက်ရက်မှာ သာသနာ့ဗိမာန်ရှိ fever clinic မှာ လာရောက်ပြသပြီး အဲဒီကမှ ပုသိမ်ဆေးရုံကို ရောက်​ရှိလာခဲ့တာပါ‌။ ပုသိမ်​မြို့၊ ခုတင် ​၅၀၀ ပြည်​သူ့​ဆေးရုံကြီးကို ရောက်​ရှိပြီး ဓာတ်​ခွဲနမူနာရယူစစ်​ဆေးခဲ့ရာ ကိုဗစ်​-၁၉​ ရောဂါပိုး​တွေ့ရှိခဲ့​တာဖြစ်တယ်လို့ ပုသိမ်​ပြည်​သူ့​ဆေးရုံအုပ်​ကြီးက စက်​တင်​ဘာ ၁၉ ရက်​နေ့ ညပိုင်းမှာ အတည်​ပြု​ဖော်​ပြထားပါတယ်​။ ကိုဗစ်​-၁၉ ပိုးတွေ့ရှိခဲ့သူ ဟီရှန်းအထည်ချုပ်စက်ရုံအလုပ်သမားနဲ့ ထိတွေ့မှုရှိခဲ့သူ ၂၀ ဦးကို အသွားအလာကန့်သတ်မှု (Quarantine) ပြုလုပ်ထားတယ်​လို့ ဧရာဝတီတိုင်းဒေသကြီး ကျန်းမာရေးဦးဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသီဟအောင်က ပြောပါတယ်​။  “ကားအတူစီးခဲ့တဲ့ အလုပ်သမား ၇ ယောက်၊ အလုပ်ထဲက ၈ ယောက်ရယ်၊ သူ့အိမ်သား ၅ ယောက်ရယ် စုစုပေါင်း အယောက် ၂၀ ကို primary cantact သတ်မှတ်ထားတယ်။ နောက်ထပ်လည်း ထပ်တိုးနိုင်တယ်။ ထပ်လည်းရှာထားတယ်။ ၁၅ ယောက်ထဲက ၉ ယောက်ကို ဒီနေ့ Swab ယူထားတယ်။ ကျန်တာကိုတော့ နောက်ရက် ဆက်ယူမယ်။ ပုသိမ်ဆေးရုံကြီး ပို့ထားတာဆိုတော့ ဒီညတော့ အဖြေထွက်နိုင်တယ်။” ပုသိမ်​ပြည်​သူ့​ဆေးရုံကြီးမှာ လက်​ရှိ ​ကိုဗစ်​-၁၉ အတည်​ပြုလူနာ ၃၄ ဦးအထိ ရှိနေပြီဖြစ်​ပြီး သာပေါင်းမြို့နယ်က ၁ ဦး၊ ကျုံပျော် အထောင်က ၁ ဦး၊ ဖျာပုံမြို့နယ်က ၂ ဦး၊ ကျောင်းကုန်းမြို့နယ်က ၅ ဦး၊ ပုသိမ်မြို့နယ်က အမျိုးသမီး ၁၂ ဦး၊ ကန်ကြီးထောင့်က ၂ ဦးနဲ့ ပုသိမ်မြို့နယ်က အမျိုးသား ၁၁ ဦးတို့ ဖြစ်​တယ်​လို့ သိရပါတယ်​။ မင်းထက်​မုန်း (ပုသိမ်​)
8 months Ago

ချန်းရိဖိနပ်စက်ရုံတွင် အလုပ်သမား ၁ ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

လှိုင်သာယာမြို့နယ်၊ အနော်ရထာစက်မှုဇုန်ရှိ လုပ်သားဦးရေ ၈၀၀၀ ကျော် လုပ်ကိုင်နေတဲ့ ချန်းရိဖိနပ်စက်ရုံမှာ အလုပ်သမား ၁ ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့တွေ့ရှိခဲ့ပြီး စက်ရုံကို ပိုးသတ်ဆေးဖျန်းတာတွေ လုပ်နေတယ်လို့ သိရပါတယ်။  လက်ရှိမှာ ပိုးတွေ့စက်ရုံလုပ်သားနဲ့ ပတ်သက်ပြီး Quarantine ထားရှိရမယ့်သူဦးရေကို စိစစ်နေဆဲသာ ဖြစ်ပါတယ်။ ချန်းရိဖိနပ်စက်ရုံရဲ့ ပိုးတွေ့လုပ်သားလူနာက ချုပ်လုပ်ပြီးတဲ့ ဖိနပ်တွေကို စစ်ဆေးရတဲ့  QC ပိုင်းဆိုင်ရာ လုပ်သားဖြစ်ပြီး စက်ရုံတွင်း ပုံမှန်အလုပ်ဆင်းနေသူ ဖြစ်သလို နှာခေါင်းအနံ့ မရရှိတာကြောင့် စစ်ဆေးခဲ့ရာက ပိုးတွေ့ရှိခဲ့တာလို့ ကနဦးသတင်းတွေအရ သိရပါတယ်။ ချန်းရိဖိနပ်စက်ရုံက အလုပ်သမားခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ကိုကျော်ရဲအောင်က “ဖိနပ်တရန် အချောသတ်ရဖို့ အဆင့်ဆင့် လက်ဆင့်ကမ်းပြီး ချုပ်ရတာပါ။ အဲဒီတော့ တစ်ဦးမှာ ပိုးတွေ့ရင် ကျန်တဲ့သူတွေကို ကူးစက်နိုင်တဲ့အန္တရာယ်ကို အလုပ်သမားတွေအားလုံး စိုးရိမ်ကြပါတယ်။ လက်ရှိ ကျနော်တို့ စက်ရုံလုပ်သားတွေ အများဆုံးသုံးနေရတာက ပိတ်စ Mask တွေပါ။ ဒါတွေက ဘယ်လောက်အကာအကွယ် ဖြစ်နိုင်သလဲ။ အဲဒီတော့ အလုပ်သမားတွေက စက်ရုံဘက်ကို ညှိနှိုင်းလစာနဲ့ ပိတ်ပေးဖို့ တောင်းဆိုကြတယ်။ စက်ရုံဘက်ကတော့ အစိုးရက ပိတ်ပါလို့ စာထုတ်ရင် ပိတ်ပေးမယ် ပြောတယ်။ လက်ရှိတော့ ပုံမှန်အတိုင်းပဲ အလုပ်ဆင်းရမယ်” လို့  ပြောပါတယ်။ ချန်းရိဖိနပ်စက်ရုံက ပထမကိုဗစ်လှိုင်းတုန်းက ရောဂါပိုး ကူးစက်ခံရတဲ့လူနာ အမှတ် ၁၄၄ လုပ်ကိုင်ခဲ့တဲ့ စက်ရုံ ဖြစ်ပါတယ်။ ကိုဗစ်ပထမလှိုင်းမှာ ရန်ကုန်တိုင်းက စက်ရုံ၊ အလုပ်ရုံတွေအနက် ဒီစက်ရုံတရုံတည်းကပဲ ပိုးတွေ့လူနာ လုပ်ကိုင်ခဲ့တဲ့ စက်ရုံအဖြစ် ထွက်ပေါ်ခဲ့တာပါ။  အခုကိုဗစ်ဒုတိယလှိုင်းကာလမှာတော့ ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန်တွေမှာ ပိုးတွေ့လူနာတွေ လုပ်ကိုင်ခဲ့တဲ့ စက်ရုံတွေ နေ့စဉ် ထွက်ပေါ်နေပါတယ်။ ဇာခြည်
8 months Ago
Up