အလုပ်သမားအဖွဲ့စည်းအချို့ ဆန္ဒပြ

December 8, 2020

ခုံသမာဓိကောင်စီဆုံးဖြတ်ချက်ကို အလုပ်သမားအဖွဲ့စည်းအချို့ ဆန္ဒပြ

လုပ်ငန်းရှင်တွေနဲ့ အလုပ်သမားတွေအကြားမှာဖြစ်ပွားနေတဲ့ အငြင်းပွားမှုတွေကို အဆုံးအဖြတ်ပေးနေရတဲ့ အမြင့်ဆုံးအဆင့်ခုံသမာဓိကောင်စီရဲ့ ဆုံးဖြတ်ချက်တွေဟာ ဘက်လိုက်မှု တွေ ရှိနေတယ်လို့ဆိုပြီး အလုပ်သမားအဖွဲ့စည်းတချို့က ရန်ကုန်မြို့မှာ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ ဒီဇင်ဘာ ၈ ရက်မနက်ပိုင်းက ဗိုလ်တထောင် မြို့နယ်မှာရှိတဲ့ ခုံသမာဓိကောင်စီရဲ့ရုံးရှေ့မှာ သွေးစည်းညီညွှတ်သော သမဂ္ဂများအဖွဲ့ချုပ်၊ အထွေထွေ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်တို့ ပူးပေါင်းပြီး ဆန္ဒထုတ်ဖော်ခဲ့တာပါ။ ခုံသမာဓိကောင်စီကိုရောက်ရှိသွားတဲ့ အလုပ်ရှင်အလုပ်သမား တွေရဲ့ အငြင်းပွားမူတိုင်းလိုလို အလုပ်သမားတွေဘက်ကရှုံးနိမ့်နေတာကြောင့် ဒီကနေ့ ဆန္ဒဖော်ထုတ်တဲ့ အလုပ်သမားအဖွဲ့စည်း ၂ ခုကတော့ သူတို့ကူညီဆောင်ရွက်ပေးနေတဲ့ အငြင်းပွားမှုတွေကို ခုံသမာဓိကောင်စီက ဆုံးဖြတ်တာကိုမခံယူတော့ဘဲ သပိတ်မှောက်သွားမယ်လို့ ဆိုပါတယ်။ သတင်း - ဇာခြည်
4 months Ago
Up