ဟောင်ကောင်ရဲ့ လွတ်လပ်တဲ့ အကြီးဆုံးအလုပ်သမားသမဂ္ဂဖြစ်တဲ့ ဟောင်ကောင် အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (HKCTU)ကို အောက်တိုဘာ ၃ ရက်က ဖျက်သိမ်းလိုက်ရပါတယ်။
သမဂ္ဂအဖွဲ့ဝင်တွေက အဖွဲ့ချုပ်ကို ဖျက်သိမ်းဖို့ မဲပေးခဲ့ကြတဲ့အတွက် ဖျက်သိမ်းလိုက်ရတာ ဖြစ်ပြီး နိုင်ငံရေးမသေချာမှုတွေကြောင့် အဖွဲ့ချုပ်ရပ်တည်ဖို့ ခက်ခဲလာတယ်လို့ အဖွဲ့ချုပ်ရဲ့ ဒုဥက္ကဋ္ဌ လီယိုတန်က ပြောပါတယ်။
ဟောင်ကောင်ရဲ့ အမျိုးသားလုံခြုံရေးဥပဒေက သဘောထားကွဲလွဲမှုကို တားမြစ်ထားလို့ သမဂ္ဂတွေနဲ့ အရပ်ဖက်လူ့အဖွဲ့အစည်း အုပ်စုတွေအတွက် ဆက်လက် ရပ်တည်ဖို့ ပိုပြီး စိုးရိမ်စရာ အခြေအနေနဲ့ ကြုံတွေ့နေရတာပါ။
၂၀၁၉ ခုနှစ်က အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေကြောင့် ကမ္ဘာ့ဘဏ္ဍာရေး အချက်အခြာ ဟောင်ကောင်မှာ အလုပ်သမားရေး လှုပ်ရှားမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ဒါကြောင့် အလုပ်သမား သမဂ္ဂတွေ မှတ်ပုံတင်နှုန်း ၃၅ ရာခိုင်နှုန်းတိုးလာပေမဲ့ မနှစ်က တရုတ်ပြည်မကြီး အစိုးရက နိုင်ငံတော် လုံခြုံရေး ဥပဒေကို ပြဋ္ဌာန်းချိန်မှာတော့ အုပ်စုတွေ ပြန်ဖျက်သိမ်းခဲ့ကြပါတယ်။
ဥပဒေကို ချိုးဖောက်ရာ ရောက်မှာ စိုးရိမ်တာနဲ့ ထောင်ဒဏ် တသက်တကျွန်းထိ ကျခံရနိုင်တဲ့ ဘေးကိုရင်ဆိုင်ရတာကြောင့် ဒီနှစ်အစက စပြီး အလုပ်သမား သမဂ္ဂ ၂၉ ခုထက် မနည်း ဖျက်သိမ်းခဲ့တယ်လို့ ရိုက်တာ သတင်းဌာနက ရေးပါတယ်။
တရုတ်ပြည်မကြီးအစိုးရကို လိုလားတဲ့ မီဒီယာတွေကလည်း နိုင်ငံတကာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်နဲ့ ပတ်သက်မိတဲ့ သမဂ္ဂတွေဟာ နိုင်ငံခြားတပ်တွေနဲ့ ပူးပေါင်း ကြံစည်နေတဲ့ ဒါမှမဟုတ် နိုင်ငံခြားရဲ့ ကိုယ်စားလှယ်တွေလို့ စွပ်စွဲ ရေးသားခဲ့ကြပါတယ်။
ဒီစွဲချက်ကို ဟောင်ကောင်အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် HKCTU ကရော နိုင်ငံတကာ အဖွဲ့ချုပ်ကပါ ငြင်းခဲ့ပါတယ်။ ဒီခေါင်းစဉ်တပ်ရင် လုံခြုံရေးဥပဒေ အောက်မှာ ထောင်ဒဏ် တသက်တကျွန်း ပြစ်ဒဏ်ကို ရင်ဆိုင်ရ နိုင်ပါတယ်။
ဟောင်ကောင်အကြီးအကဲ ကယ်ရီလမ်ကလည်း အစိုးရက အရပ်ဖက် လူ့အဖွဲ့အစည်းတွေကို နှိမ်နင်း နေတယ်ဆိုတဲ့ အချက်ကို ငြင်းပြီး ဥပဒေအာဏာတည်ရေး အရေးယူ ဆောင်ရွက်ချက် အားလုံးဟာ သက်သေအထောက်အထား အခြေပြုထားပြီး ဖမ်းဆီးခံရသူရဲ့ နိုင်ငံရေး ယုံကြည်ချက်နဲ့ ဘာမှ မဆိုင်ဘူးလို့ ပြောခဲ့ပါတယ်။
HKCTU ရဲ့ လက်အောက်မှာ သင်တန်းဌာန ၁၅ ခုရှိပြီး သက်မွေးဝမ်းကြောင်း သင်တန်းပေါင်း ၂၀၀ ကျော်ကို သင်ကြား လေ့ကျင့်ပေးနေတာပါ။
ခုတော့ သင်တန်းတွေကို ပိတ်ပစ်ခဲ့ရလို့ ကျောင်းသား အယောက် ၁၀၀၀ ကျော် ထိခိုက်ခဲ့တယ်လို့ သမဂ္ဂ က ဆိုပါတယ်။ သမဂ္ဂပေါင်း ၇၅ ခုရှိတဲ့ HKCTUဟာ မီးဖွားခွင့် သီတင်းပတ် ၁၀ ပတ်ကနေ ၁၄ ပတ်ထိ တိုးမြှင့် ခံစားနိုင်အောင်၊ နာမကျန်းခွင့်အတွက် လျော်ကြေးနဲ့ အနိမ့်ဆုံး လုပ်ခလစာ ဥပဒေမူကြမ်း၊ စတဲ့ ပြုပြင်ပြောင်းလဲရေးတွေအတွက် တွန်းအားပေး ကူညီခဲ့ဖူးတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။