အလုပ်လာလုပ်သူ

April 25, 2021

ဖားကန့်တွင် အလုပ်လာလုပ်သူများကို အကြမ်းဖက်စစ်ကောင်စီက လက်မခံဘဲ ပြန်လွှတ်

ကချင်ပြည်နယ် ဖားကန့်ဒေသကို သွားရောက်အလုပ်လုပ်မယ့် သူတွေကို  စစ်ကောင်စီရဲ့ ရဲနဲ့စစ်တပ်က ဖားကန့်အထိ အတက်မခံဘဲ ကားတွေကို လာရာလမ်းအတိုင်း လှည့်ပြန် ခိုင်းနေတယ်လို့ ကိုယ်တွေ့ကြုံသူတွေက ပြောပါတယ်။

 ကာမိုင်းစုပေါင်းစစ်ဆေးရေးဂိတ်မှာ စစ်တပ်နဲ့ရဲက မှတ်ပုံတင်စစ်ဆေးပြီး စစ်ကိုင်းတိုင်း မှတ်ပုံတင်ကိုင်ဆောင်ထားပါက ဆက်အသွားမခံဘဲ စီးလာတဲ့ကားကို လာရာလမ်းအတိုင်း လှည့်ပြန်ခိုင်းနေတာပါ။ 

"ကာမိုင်းဂိတ်ရောက်တာနဲ့ မှတ်ပုံတင်တောင်းကြည့်တယ် ။ ၅/…. ဆိုရင် အတက်မခံတဲ့ သဘောပဲ။ ပြန်လှည့်လာရသူ ကိုးဆယ်က ရာခိုင်နှုန်းက ၅/...တွေချည်းပဲ ။ တန့်ဆည်နယ်၊ ပုလဲ၊ ယောနယ်ဘက်ကဟာတွေ များတယ်" လို့ ကားအစီးလိုက်ပြန်လှည့်လာရသူတစ်ဦးက ပြောပါတယ်။

သင်္ကြန်ကာလပြီးချိန်ရောက်တိုင်း ဖားကန့်ရတနာနယ်မြေကို လူငယ်တွေ အစုလိုက်အပြုံလိုက် တက်လာကြတာဟာ နှစ်စဉ်လိုဖြစ်ပြီး အခုလိုမျိုး နိုင်ငံအတွင်း ခရီး သွားလာခွင့်ကို ပိတ်ပင်တာဟာ စစ်ကောင်စီက ပြည်သူတွေအပေါ်မှာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာလို့ ကချင်တိုင်းရင်းသားတစ်ယောက်က မှတ်ချက်ပြုပါတယ်။ 

ဖားကန့်ဒေသခံ ဦးဇော်လွန်းက "သင်္ကြန်ပြီးရင်တော့ ဖားကန့်မှာ ဒီလိုပဲ ရေမဆေး ကျောက်ရှာဖို့ လောပန်းအိမ်မက် မက်ဖို့ တက်လာကြတာပဲလေ။ ခုမှလည်းမဟုတ် ဒါက နှစ်တိုင်းပဲ။ သင်္ကြန်ဆို ကိုယ့်ရပ်ကိုယ့်ဆီပြန်ကြ၊ ပြီးရင်မှော်ထဲ ပြန်တက်။ ဒါက ထုံးစံပဲ ဥစ္စာကြီးကို" လို့ ပြောပါတယ်။

3 weeks Ago
Up