အလုပ်နှင့် ထောင်ဒဏ်

October 21, 2020

ဗကသကျောင်းသား ၂ ဦးကို အလုပ်နှင့် ထောင်ဒဏ် ၁ နှစ်စီ ထပ်ချ (ဓာတ်ပုံ) 

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ဝင် ကိုစိုးလှနိုင် နဲ့ ကိုကျော်သီဟရဲကျော်တို့ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ  ၅၀၅ (က) ၊ (ခ) တို့နဲ့ အမရပူရပူရမြို့နယ်တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် ၁ နှစ်စီ ဒီနေ့ ထပ်မံ ချမှတ်လိုက်ပါတယ်။ အောက်တိုဘာ ၂၁ ရက် ဒီနေ့မနက် ရုံးချိန်းမှာ ရဲအင်အား ၂၀ လောက်က လုံခြုံရေးယူထားပြီး အချုပ်ကားကို ဟန်ပြကာ ရဲကားအသေးနဲ့  ရုံးထုတ်သွားခဲ့တာပါ။ ရတနာပုံ တက္ကသိုလ်ကျောင်းရှေ့မှာ စက်တင်ဘာ ၁၆ ရက်နေ့က  တပ်မတော် အလင်းဝင်ပါ၊ ပြည်တွင်းစစ် ချက်ချင်းရပ်စတဲ့ စာသားတွေနဲ့ စတစ်ကာ ကန်ပိန်း ပြုလုပ်ခဲ့တာကြောင့် ကိုစိုးလှနိုင်၊ ကိုကျော်သီဟရဲကျော်နဲ့  ကိုဘုန်းမြင့်ကျော်တို့ကို ရဲမှူးကျော်ကျော်နိုင်က တရားလို ပြုလုပ်ကာ တရားစွဲဆိုတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်တဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရတွေကို ဆန့်ကျင့် ဆန္ဒပြတဲ့ လှုပ်ရှားမှုတွေကို  ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်က စက်တင်ဘာ ၁၀ ရက်နေ့က စတင်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါလှုပ်ရှားမှုကြောင့်  ဗကသ ကျောင်းသား ကိုကျော်သီဟရဲကျော်နဲ့ ကိုစိုးလှနိုင် တို့ကို နိုင်ငံတော်အကြည်အညို ပျက်စေမှု ပုဒ်မ ၅၀၅ (က) ၊ (ခ)တို့နဲ့  မြို့နယ် ၄ မြို့နယ်မှာ စုစုပေါင်း အလုပ်နဲ့ ထောင်ဒဏ် ၆ နှစ် ကျခံစေဖို့ အမိန့်တွေချထားပြီး ဆက်လက်ရင်ဆိုင်ဖို့ အမှုတွေလည်း ကျန်ရှိနေပါသေးတယ်။ မြန်မာတနိုင်ငံလုံးမှာ ရခိုင်အရေးတောင်းဆို ဆန္ဒပြလို့ ဖမ်းဆီးထိန်းသိမ်းခံရသူ ၁၅ ဦး ရှိနေပြီး ဝရမ်းထုတ်ထားလို့  ထွက်ပြေး တိမ်းရှောင်နေသူ ၃၀ လောက် ရှိပါတယ်။ Photo-Kaung Zaw Hein/MPA  
1 year Ago

September 3, 2020

အေအေအဖွဲ့နှင့် ဆက်နွှယ်သူ ၁ ဦးကို အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ်ချမှတ် 

အစိုးရကအကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတဲ့ ရက္ခိုင့်တပ်တော် အေအေ အဖွဲ့နဲ့ ပတ်သက်ဆက်နွှယ်သူတစ်ဦးကို ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်ပါတယ်။ အေအေအဖွဲ့နဲ့ ဆက်စပ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ စွဲချက်တင်ခံထားရတဲ့ ကိုအောင်မျိုးဝင်းကို  စက်တင်ဘာ ၃ ရက်နေ့က အနောက်ပိုင်းခရိုင်တရားရုံးမှာ အလုပ်နဲ့ ထောင်ဒဏ် ၁၅ နှစ် အပြီးသတ်အမိန့် ချမှတ်ခဲ့တာပါ။  အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည) နဲ့ ချမှတ်ခဲ့တဲ့အမိန့်မှာ ချုပ်ရက် ထုတ်နုတ်ခံစားခွင့်ပြုခဲ့တယ်လို့ အနောက်ပိုင်းခရိုင်တရားရုံး ပြန်ကြားရေးအရာရှိက ပြောပါတယ်။ ရဲမှူးတင့်ရွှေတရားလိုပြုလုပ်စွဲဆိုထားတဲ့ ကိုအောင်မြတ်ကျော်အပါအဝင်ရှစ်ဦးအမှုတွဲကနေ ကိုအောင်မျိုးဝင်းကို ရာဇဝတ်ကြီး အမှုအမှတ် ၈၇/၂၀၁၉၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည) နဲ့ သီးခြား တရားစွဲဆိုစစ်ဆေးခဲ့တာဖြစ်ပါတယ်။ ကိုအောင်မျိုးဝင်းအမှုနဲ့တဆက်တည်း ဒီကနေ့ စက်တင်ဘာ ၃ ရက်နေ့မှာပဲ အေအေ ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြင့်နိုင်ရဲ့ ညီမဖြစ်သူနဲ့ ယောက်ဖဖြစ်သူတို့ကို ရုံးထုတ်စစ်ဆေးခဲ့ ပါတယ်။ ရုံးချိန်းမှာ ၂ တရားခံဖြစ်တဲ့ မယမင်းမြတ်ကိုစစ်ဆေးခဲ့ပြီး နောက်ရုံးချိန်းမှာ တရားခံ ပြသက်သေတစ်ဦးကို စစ်ဆေးသွားမှာလည်းဖြစ်ပါတယ်။ အေအေအဖွဲ့ကို ငွေကြေးထောက်ပံ့ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရခိုင်စင်ကာပူအသင်း ခေါင်းဆောင်တွေတွေဖြစ်တဲ့ ဗိုလ်ချုပ်ထွန်းမြင့်နိုင်ရဲ့ညီ ကိုအောင်မြတ်ကျော်အပါအဝင် ၈ ဦးကို  အနောက်ပိုင်းခရိုင်တရားရုံးမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆို ထားပါသေးတယ်။ 
1 year Ago
Up