အိန္ဒိယနိုင်ငံအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်နေချိန်မှာ ကလေးလုပ်သားနဲ့ ကလေး လက်ထပ်မှုတွေလို ပြသနာတွေ ပိုတိုးလာနေလို့ အများပြည်သူကြား ကျယ်ကျယ်ပြန့်ပြန့် စိုးရိမ် နေကြတယ်လို့ စီစီတီဗီရုပ်သံက အောက်တိုဘာ ၁၈ ရက်မှာ ကြေညာပါတယ်။
အိန္ဒိယမှာ ကပ်ဘေးထိန်းချုပ်ရေး အသွားအလာပိတ်ဆို့ ကန့်သတ်ချက်ကို ၅ ကြိမ်မြောက် ဖြေလျှော့ပြီးပြီဖြစ်လို့ ကန့်သတ်ချက် အများအပြားကို အခြေခံကျကျ ဖယ်ရှားပြီးပါပြီ။
နယူးဒေလီမြို့တော်မှာ အမျိုးသမီးနဲ့ကလေးတွေ အများအပြားဟာ သူတို့ ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံရေးကို ရင်းပြီး ကူးစက်နိုင်ချေ အလွန်များတဲ့ လူအုပ်ထဲ သွားလာရင်း ငွေတောင်းတာတွေ၊ ပစ္စည်းရောင်းတာတွေ လုပ်နေရပါတယ်။
မိသားစုအတွင်း စီးပွားရေး ဖိအားကြောင့် ကလေးအများအပြား ကျောင်းထွက်ခဲ့ရပြီး တချို့တော့ အဓမ္မ လက်ထပ်ခိုင်းတာတွေ၊ အဓမ္မ အလုပ်ခိုင်းစေတာတွေ ခံနေရပါတယ်။
အိန္ဒိယမှာ ဇွန်နဲ့ ဇူလိုင်လအတွင်း ပရဟိတအဖွဲ့အစည်းတွေဆီ ဖုန်းဆက် အကူအညီ တောင်းခံမှု ၁၇ ရာခိုင်နှုန်း တိုးလာတယ်လို့လည်း စီစီတီဗီက ပြောပါတယ်။
“ကပ်ဘေးသင့်ကာလမှာ မင်္ဂလာဆောင်အတွက် ဧည့်သည်အယောက် ၅၀/၆၀ လောက်ပဲ ဖိတ်နိုင်တယ်လို့ အစိုးရက စည်းကမ်းသတ်မှတ်ထားတယ်။ ဒါကြောင့် ဆင်းရဲတဲ့ မိဘ အများ အပြားက ဒီအချက်ကို အခွင့်ကောင်း ယူကြတယ်။ သူတို့အတွက် မင်္ဂလာဆောင်က ငွေကုန်များတဲ့ ကိစ္စဖြစ်လို့ ခုချိန်မှာ မိန်းကလေးကို မင်္ဂလာဆောင် ပေးရင် ကုန်ကျစရိတ် သက်သာလိမ့်မယ်”လို့ အကျိုးအမြတ် မယူတဲ့အဖွဲ့အစည်းရဲ့ အိန္ဒိယနိုင်ငံဆိုင်ရာ ဒါရိုက်တာ ဆောင်ရဗ် ဘနာဂျီက ပြောပါတယ်။
အိန္ဒိယ ဓလေ့ထုံးတမ်းအရ မင်္ဂလာဆောင်ရင် မိန်းကလေးဘက်က ယောက်ျားလေးဘက်ကို တင်တောင်းရပါတယ်။
ကလေးလုပ်သား လူကုန်ကူးမှု၊ကလေး လက်ထပ်မှုနဲ့ ကာမအလွဲသုံးစားမှုတွေ အပါအဝင် ကလေးတွေ ပါဝင်ပတ်သက်နေတဲ ရာဇဝတ်မှု ၃၂၇၀၀ ကို သက်ဆိုင်ရာအာဏာပိုင်တွေက ကြားဝင် ဖြေရှင်းပေးခဲ့ရတယ်ဆိုတဲ့ အစီရင်ခံစာကို အိန္ဒိယ အိက်စ်ပရက်စ် နေ့စဉ်သတင်းစာက ဖော်ပြထားပါတယ်။
2 years Ago