ပဲခူးတိုင်း၊ သာယာဝတီထောင်မှာ CDM ဝန်ထမ်းတွေ အပါအဝင် နိုင်ငံရေးအကျဉ်းသား ၂၀ ကျော်ကို စစ်ကောင်စီက အလုပ်ကြမ်းတွေစေခိုင်းပြီး အကြမ်းဖက် ရိုက်နှက်နေတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအချုပ်သားတွေဟာ တရားစွဲဆိုခံထားရပြီး အမှုရင်ဆိုင်နေရတုန်း အဆင့်မှာပဲ အလုပ်ကြမ်းတွေ စေခိုင်းခံနေရတာ၊ အကြမ်းဖက် ရိုက်နှက်ခံနေရတာတွေဟာ အကျဉ်းထောင်ဥပဒေတွေနဲ့ ညီညွတ်မှုမရှိတဲ့အတွက် အပြင်းအထန် ကန့်ကွက်တယ်လို့ အချုပ်သားတယောက်ရဲ့ မိသားစုဝင်တဦးက ပြောပါတယ်။
“အထဲကိုရောက်နေတဲ့ ကျနော့်မိသားစုဝင်ကတော့ နိုင်ငံရေးအကျဉ်းသားတွေအတွက် Speak Out လုပ်ပေးဖို့ လူကြုံမှာလိုက်တယ်။ အိမ်သာကျင်းတူးခိုင်းတာတို့၊ ထမင်းစားရတာ သောက်ရတာလည်း ဆိုးဆိုးရွားရွားကြီးကို ဆက်ဆံခံရတယ်ပေါ့ဗျာ။ အဲ့လိုမျိုးတွေ ပြောခိုင်းတယ်ဗျ။ သူ့တယောက်တည်းအတွက်တော့ မဟုတ်ဘူးပေါ့ဗျာ။ နိုင်ငံရေး အကျဉ်းသားတွေကို ပြစ်ဒဏ်မချခင်မှာ ဒီလိုမျိုးတွေ မတရားခိုင်းစေတာတွေ အနိုင်ကျင့်တာတွေက ဘယ်လိုဥပဒေမှလည်း မရှိခဲ့ဘူးဆိုတော့လေ။ ဒါမျိုးတွေက မဖြစ်သင့်ဘူးပေါ့လေ။ သူတို့ရဲ့ စီမံအုပ်ချုပ်မှုက အရမ်းညံ့ဖျင်းတယ်ပေါ့။ အဲဒီလိုပဲ ပြောရမယ်။”
သာယာဝတီထောင်မှာ ထောင်ဝင်စာတွေ့ခွင့်ကို ထောင်အာဏာပိုင်တွေက ကန့်သတ်ထားပြီး ၂ ပတ်မှာ ၁ ကြိမ်သာ တွေ့ဆုံခွင့်ပေးမယ်လို့ စက်တင်ဘာလကုန်ပိုင်းက ထုတ်ပြန်ထားပါတယ်။ တွေ့ဆုံရာမှာလည်း ၁၅ မိနစ်ကနေ မိနစ် ၂၀ အထိပဲ အများဆုံးတွေ့ဆုံခွင့်ရမှာဖြစ်ပြီး အကျဉ်းသားတဦးကို တလ ငွေကျပ် ၁ သိန်းထက်ပိုပြီး မိသားစုက မပေးဖို့လည်း ကန့်သတ်ထားပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းမှာ စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုတာခံရသူ ၁၂,၅၀၀ ကျော်ရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အောက်တိုဘာ ၅ ရက်နေ့အထိ မှတ်တမ်းတွေက ဖော်ပြပါတယ်။
မိသားစုနဲ့ အဆက်အသွယ်ပြတ်ပြီး စာရင်းပျောက်နေတဲ့လူငယ်တွေ၊ ဘယ်အကျဉ်းထောင် ဘယ်စစ်ကြောရေးကို ရောက်နေတယ်ဆိုတာ သတင်းမရတဲ့ ပြည်သူတွေလည်း အများအပြား ရှိနေခဲ့တာပါ။
ဖမ်းဆီးထိန်းသိမ်းခံရသူတွေဟာ ဥပဒေရဲ့ အကာအကွယ်ကို မရကြဘဲ စစ်ကောင်စီက စီမံချင်သလို စီမံပြီး တရားစွဲဆို ထောင်ချတာတွေကို ရင်ဆိုင်နေကြရပါတယ်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကို စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုပြီးနောက် အောက်တိုဘာ ၈ ရက် ဒီနေ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ပါတယ်။
စစ်တွေအကျဉ်းထောင်အထူးတရားရုံးကနေ နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ထောင်ဒဏ်ချမှတ်တာလို့ ဒီအမှုလိုက်ပေးနေတဲ့ ရှေ့နေဆီက သိရပါတယ်။
စစ်တပ်က အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာပဲ ဝန်ကြီးချုပ်ဦးညီပုကို နေအိမ်အကျယ်ချုပ်ထားခဲ့ပြီး ပြန်လွတ်လာတဲ့နောက်ပိုင်း သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ပြည်သူသို့ ပြန်ကြားချက်ဆိုတဲ့ ဗွီဒီယိုဖိုင်ကို တင်ခဲ့တာကြောင့် ပြန်ပြီး ဖမ်းဆီး ခံလိုက်ရတာပါ။
ဒါ့အပြင် ဦးညီပုဟာ အန်အယ်လ်ဒီအစိုးရလက်ထက် ဝန်ကြီး ၄ ယောက်နဲ့အတူ ဂွမြို့နယ်ထဲက သောင်ထွန်းမြေပေါ်မှာ မြေကွက်ဖော်တဲ့ကိစ္စအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့လည်း တရားစွဲဆိုခံထားရပါသေးတယ်။