အလုပ်အကိုင်

November 17, 2018

အောက်တိုဘာလထဲ ပြည်တွင်းပြည်ပအလုပ်ကိုင် လူ ၄ သောင်းကျော်ရရှိ

ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာ ပြည်တွင်းအလုပ်အကိုင်ပေါင်း ၂ သောင်းကျော်ရခဲ့ကြပြီး ပုဂ္ဂလိကကဏ္ဍမှာ အလုပ်ရတာဟာ အစိုးရကဏ္ဍအလုပ်ရတာထက် အဆပေါင်း ၃၀ လောက် ပိုတယ်လို့ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ပြည်တွင်းမှာ အလုပ်ရခဲ့သူပေါင်း ၂၁၅၉၀ ယောက် ရှိခဲ့ပြီး ပြည်ပမှာ အလုပ်ရသူပေါင်း ၁၉၁၂၃ ယောက်ရှိတာပါ။ ပြည်တွင်းအလုပ်ရသူတွေထဲမှာ ရန်ကုန်တိုင်းက ၁၄၉၆၃ နဲ့ အများဆုံးဖြစ်ပြီး ပဲခူးတိုင်းက ၂၉၂၃ ယောက်နဲ့ ဒုတိယ အများဆုံးဖြစ်ပါတယ်။ ပြည်ပ အလုပ်ရတာမှာတော့ ထိုင်းနိုင်ငံမှာ ၁၅၁၇၂ ယောက်နဲ့ အများဆုံးဖြစ်ပြီး မလေးရှားနိုင်ငံကို ၂၉၁၇ ယောက်နဲ့ ဒုတိယအများဆုံး ဖြစ်ပါတယ်။ နောက်ထပ် ဂျပန်၊ ကိုရီးယား၊ ဂျော်ဒန်၊ ယူအေအီး၊ စင်ကာပူနဲ့ ကာတာနိုင်ငံတွေမှာ အလုပ်ရရှိခဲ့ကြတာပါ။ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကတော့ ပြည်တွင်းမှာ အလုပ်အကိုင်ပေါင်း ၂၁၀၀၀ ကျော်ရရှိခဲ့ပြီး ပြည်ပအလုပ်အကိုင်ကတော့ ၂၂၀၀၀ ကျော် ရရှိခဲ့ပါတယ်။
2 years Ago

November 10, 2018

အလုပ်အကိုင် အခွင့်အလမ်းပြပွဲ မန္တလေးတွင် ကျင်းပ

မန္တလေးမြို့ ကျုံးတောင်ဘက် ၂၆ လမ်းနဲ့ (၆၆)လမ်းထောင့်ရှိ Hilton Mandalay ဟိုတယ်မှာ Mandalay Job Nation အလုပ်အကိုင် အခွင့်အလမ်းပြပွဲကို ဒီနေ့ ကျင်းပနေပါတယ်။ မကြာသေးမီက တက္ကသိုလ် စာမေးပွဲ ဖြေပြီးချိန်ဖြစ်တာကြောင့် ကျောင်းပြီးသွားတဲ့ ကျောင်းသားကျောင်းသားတွေ အလုပ်အကိုင် ရှာဖွေနေတာတွေ၊ အလုပ်ရှင်ဘက်ကလည်း ဝန်ထမ်းအသစ်တွေ ခေါ်ယူလိုတာတွေကို ချိတ်ဆက်ပေးနိုင်ဖို့ ဒီပွဲကို ကျင်းပပေးတာပါ။ JobNet.com.mm ရဲ့ အရောင်းဌာန ဒုတိယဥက္ကဋ္ဌ မဇင်မာက ''အလုပ်ရှင်တွေ အလုပ်တွေက ရန်ကုန်မှာတစ်ခုထဲတင်မဟုတ်ဘူး မန္တလေးမှာလဲရှိပါတယ်။ အလုပ်ရှင်တွေက မန္တလေးက အလုပ်တွေအတွက် မန္တလေးမှ နေထိုင်သူတွေကို ခေါ်ချင်ကြတာ၊ မန္တလေးမှ အလုပ်လုပ်ချင်သူတွေများတော့ သူတို့တွေအတွက် အခွင့်အလမ်းတွေရဖို့ အခုလို စီစဉ်တာပါ'' လို့ ဒီဗွီဘီကို ပြောပါတယ်။ Mandalay Job Nation အလုပ်အကိုင်အခွင့်အလမ်းပြပွဲကနေ အလုပ်လာရောက်ရှာဖွေသူတွေအနေနဲ့ အလုပ်ရှာဖွေနိုင်မယ့်အပြင် အလုပ်အကိုင်လမ်းကြောင်းတွေနဲ့ ပက်သက်ပြီး ပညာရှင်တွေရဲ့ အကြံပြုဆွေးနွေးမှုတွေကိုလည်း လေ့လာနိုင်မှာပါ။ ဒီပြပွဲမှာ ကုမ္မဏီ ၁၂ ခုက Sales and Marketing, PR, IT, Logistics, Finance & Accounting, Hospitality, Administration, Human Resources စတဲ့ အလုပ်အကိုင်တွေကို ခေါ်ယူခဲ့တာပါ။ အလုပ်အကိုင် အခွင့်အလမ်းတွေနဲ့ပတ်သက်ပြီး လေ့လာသိရှိလိုသူတွေအနေနဲ့လည်း www.jobnet.com.mm မှာ ဝင်ရောက် ကြည့်ရှုလေ့လာနိုင်တယ်လို့ သိရပါတယ်။ သော်တာ
2 years Ago
More News
Up