ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ မဲ့ကျဲမ်မြို့နယ်ထဲမှာ မြန်မာနိုင်ငံသား ရှမ်းတိုင်းရင်းသား ရွှေ့ပြောင်းအလုပ်သမားတဦးဟာ ထိုင်းအလုပ်ရှင်သူဌေးရဲ့ သေနတ်နဲ့ ပစ်ခတ်ခြင်းခံရပြီး သေဆုံးသွားပါတယ်။
ရှမ်းပြည်နယ်၊ သိန္နီမြို့၊ မိုင်းလီကျေးရွာဇာတိစိုင်းရင် (၄ဝ နှစ်) ဟာ မဲ့ကျဲမ်မြို့နယ် ပန်ဟိန်ဖွန်အုပ်စုက စိုက်ပျိုးရေးခြံမှာ အလုပ်လုပ်နေစဉ် ပြီးခဲ့တဲ့ သီတင်းပတ်က အသတ်ခံရလို့ တရားခံကို ဖမ်းဆီးပေးဖို့ ဇနီးဖြစ်သူက သြဂုတ် ၁၄ ရက်မှာ လာရောက်အကူအညီ တောင်းခဲ့တဲ့အတွက် ရဲစခန်းကိုတိုင်ပေးခဲ့ပြီး ဒီကနေ့ လူသတ်တရားခံကို ဖမ်းမိပြီလို့ ချင်းမိုင်ဝပ်ပါပေါက် နာရေးကူညီမှုအဖွဲ့က စိုင်းတိုင်းထိန်က ဒီဗွီဘီကို ပြောပါတယ်။
“သူတို့လင်မယားက အဲဒီသူဌေးရဲ့ ခရမ်းချဉ်သီးစိုက်ခင်းမှာ အလုပ်လုပ်တာ လုပ်အားခ ဘတ် ၁၅ဝဝဝ ရစရာရှိတာကို တော်တော်နဲ့ မရှင်းပေးဘူး။ သူတို့လည်း ပိုက်ဆံအသုံးလိုတော့ မိန်းမကို အဲဒီအိမ်မှာ ပိုက်ဆံစောင့်ယူဖို့ထားခဲ့ပြီး ယောကျာ်းက တခြားခြံမှာ အလုပ်သွားလုပ်တယ်၊ အဲဒါကို အလုပ်ရှင်ကသိသွားတော့ ပြီးခဲ့တဲ့ ၈ ရက်နေ့က ဟိုခြံအသစ်ထိ လိုက်ပစ်သတ်တာ။ ပြီးတော့သစ်ပင်အောက်မှာ မြှုပ်ထားတယ်။ ဒီနေ့ ကျနော်တို့ အလောင်းသွားပြန်ဖော်တော့ ကျည်ဆန်က ရင်ဘတ်၊ ဝမ်းဗိုက်နဲ့ ခေါင်းမှာထိတယ်၊ စုစုပေါင်း ၄ ချက်၊ သူသတ်တာကို ဘဝတူအလုပ်သမားကတွေ့တယ်။ အဲဒီအလုပ်သမားလည်း မနေရဲတော့ဘဲ တောထဲသွားပုန်းနေတာ ၄ ရက်တိတိ ထမင်းမစားရဘူးတဲ့။”
စိုင်းရင်အား ပစ်သတ်သူမှာ အသက် ၅ဝ အရွယ်ရှိ နိုင်းဆိုင်ဖစ် ဖိုင်းဘွန်း(ခေါ်)နိုင်းမိဖတ် ဆိုသူဖြစ်ပြီး သူဟာ ကျေးရွာအုပ်ချုပ်ရေးမှူးလည်း ဖြစ်တယ်လို့ စိုင်းတိုင်းထိန်က ဆက်ပြောပါတယ်။
မဲ့ကျဲမ်မြို့နယ် ရဲတပ်ဖွဲ့ဝင်နဲ့ အလုပ်သမားကူညီရေးအဖွဲ့တွေက နိုင်းဆိုင်ဖစ်ကို ဒီကနေ့ မနက် ၁၁ နာရီအချိန် သူ့စိုက်ခင်းထဲမှာ သွားရောက်ဖမ်းဆီးခဲ့ပြီး နိုင်းဆိုင်ဖစ်ကလည်း စိုင်းရင်ဟာ သူ့ကိုခွင့်မတောင်းဘဲ တခြားမှာသွားပြီး အလုပ်လုပ်တဲ့အတွက် စိတ်ဆိုးပြီး ပစ်သတ်ရတာလို့ ဝန်ခံသွားပါတယ်။
သေဆုံးသူရဲ့ အလောင်းကိုတော့ ချင်းမိုင် မဟာရတ်ဆေးရုံ ပြန်လည်သယ်ဆောင်လာပြီး မှုခင်းဆရာဝန်တွေက အလောင်းကို ဆက်လက်စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။
လူသတ်တရားခံကို ဖမ်းဆီးရမိရေး၊ အလောင်းပြန်တူးဖော်ရေးအတွက် ချင်းမိုင်ရှိ HRDF လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးေ ရးဖောင်ဒေးရှင်း၊ ချင်းမိုင်ဝပ်ပါပေါက် နာရေးကူညီမှုအဖွဲ့၊ ရှမ်းအမျိုးသား အဖွဲ့တို့က သ က်ဆို င်ရာ ရဲတပ်ဖွဲ့နဲ့အတူ ပူးပေါင်းပါဝင်ကူ ညီခဲ့ကြပါတယ်။
Photo: HRDF
5 years Ago