အလုပ်သမားသမဂ္ဂ

August 11, 2015

အလုပ်ထုတ်မှုကြောင့် ဘရာဇီး GM စက်ရုံ လုပ်သားများ ဆန္ဒပြ

ဂျင်နရယ်မော်တော်ကားကုမ္ပဏီ GM ရဲ့ ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုမြို့က စက်ရုံမှာ မမျှော်လင့်ထားဘဲ အလုပ်ထုတ်မှုတွေကို မကျေနပ်လို့ ထောင်နဲ့ချီတဲ့ လုပ်သားတွေ သြဂုတ် ၁၀ ရက်နေ့က ဆန္ဒပြခဲ့လို့ စက်ရုံလုပ်ငန်းတွေ ရပ်တန့်ခဲ့ပါတယ်။ ကျန်ခဲ့တဲ့ သီတင်းပတ်ကုန်ရက်က ရာနဲ့ချီတဲ့ လုပ်သားတွေကို အလုပ်ဖြုတ်ခဲ့လို့ စက်ရုံအပြင်ဘက်မှာ လုပ်သားအယောက် ၄၀၀၀ ကျော်က အလုပ်ထွက်ဖို့ မဲပေးခဲ့ကြတယ်လို့ ဒေသခံ အလုပ်သမားသမဂ္ဂက ပြောပါတယ်။ ဆန္ဒပြပွဲကြောင့် ကားတွေ၊ ကုန်ကားငယ်တွေကို ထုတ်လုပ်နေတဲ့ ဆောင်ဟိုဆေးစက်ရုံက လုပ်ဆောင်ချက်တွေ ရပ်ဆိုင်းကုန်တယ်လို့ GM က အတည်ပြုပါတယ်။ ဒေသတွင်းဈေးကွက် သိသိသာသာ ကျဆင်းလို့ ထိန်းညှိတဲ့အနေနဲ့ ရာထူးနိမ့် လုပ်သားတွေကို ထုတ်ခဲ့တယ်လို့ ပြေပေမယ့် လုပ်သားဘယ်နှယောက်ကို အလုပ်ထုတ်ခဲ့တယ်ဆိုတာတော့ မပြောပါဘူး။ အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ အန်တိုနီယို ဖာရဲရာကတော့ အလုပ်အကိုင် လျှော့ချတာကို မျှော်လင့်မထားဘဲ လုပ်ခဲ့တယ်လို့ ပြောပါတယ်။ ကုမ္ပဏီက အလုပ်ဖြုတ်တာတွေ ရှိမှာမဟုတ်ဘူးလို့ ပြောထားပြီး သြဂုတ် ၈ ရက် မနက်မှာ အခြေအနေသစ်ကို သိလိုက်ရတော့ လူတိုင်း အင်မတန် တုန်လှုပ်ကုန်တယ်၊ ဒါဟာ တာဝန်မယူတဲ့ သရဲဘောကြောင်မှုပဲလို့ ပြောပါတယ်။ The Mercedes-Benz ကားကုမ္ပဏီကတော့ ဘရာဇီးရဲ့ ဆောင်ဘာနာဒိုစက်ရုံမှာ ထုတ်လုပ်နိုင်စွမ်းရဲ့ ၆၀ ရာခိုင်နှုန်းအောက်ပဲ ထုတ်လုပ်နေရလို့ ဝန်ထမ်းအယောက် ၂၀၀၀ လောက် ပိုနေတယ်လို့ ပြောပါတယ်။ ဘရာဇီးနိုင်ငံအတွင်း ငွေကြေးဖောင်းပွမှု၊ အလုပ်လက်မဲ့ဖြစ်မှုနဲ့ အတိုးနှုန်းတွေ တိုးမြင့်မှုတွေကြောင့် ကားဈေးကွက်ဟာ ဒီနှစ်မှာ ၂၀ ရာခိုင်နှုန်းထိ ကျဆင်းခဲ့တာပါ။ ဒီအခြေအနေက ၂၀၁၆ ထိ ဆက်ရှိနေမယ်လို့ မျှော်လင့်ထားပါတယ်။
6 years Ago
Up