အလုပ်သမားများ

October 7, 2018

ဖုယွင်အထည်ချုပ် အလုပ်သမားများ ရန်ကုန်မြို့တော်ခန်းမရှေ့တွင်ဆန္ဒပြ

ရက်ပေါင်း ၅၀ နီးပါးကြာလာပြီဖြစ်တဲ့ ဖုယွင် အလုပ်သမားသပိတ်ကို အစိုးရတာဝန်ရှိသူ တွေအနေနဲ့ အမြန်ဆုံးဖြေရှင်းပေးဖို့ ဝန်းရံ တက်ကြွလှုပ်ရှားသူတွေနဲ့ အလုပ်သမား ၁၀၀ လောက်က  ဒီကနေ့ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ လာရောက်ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြပွဲကို ခွင့်ပြုချက် မတင်ခဲ့တဲ့အတွက် မြို့နယ်ရဲတပ်ဖွဲ့နဲ့ အထွေထွေအုပ်ချုပ်ရေး တာဝန်ရှိသူတွေက ဆန္ဒပြပွဲကို လာရောက်တားမြစ်ခဲ့ ပေမယ့် လုပ်သမားတွေက ကြွေးကြော်သံတွေ အော်ဟစ်၊ ဟောပြော၊ စုဝေး လှည့်လည်ခဲ့ကြပါတယ်။ ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ဒဂုံဆိပ်ကမ်းစက်မှုဇုန်ရှိ၊ ဖုယွင် အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၃၀ ကို အကြောင်းပြချက်မရှိဘဲ အလုပ်ကနေ  သြဂုတ် ၂၀ရက်နေ့မှာ ထုတ်ပယ်ခဲ့ပါတယ်။ အလုပ်ထုတ်ခံရတဲ့အပေါ် အလုပ်သမား၂၀၀ လောက်ဟာ သြဂုတ် ၂၁ရက်ကစပြီး စက်ရုံရှေ့မှာ ဆန္ဒဖော်ထုတ်နေတာပါ။ ဒီကိစ္စကို အလုပ်သမားဝန်ကြီးဌာနက တာဝန်ရှိသူတွေက အကြိမ်ကြိမ်တွေ့ ဆုံညှိနှိုင်းခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ကိုယ်တိုင် သက်ဆိုင်ရာတာဝန်ရှိသူတွေကို ခေါ်ယူတွေ့ ဆုံခဲ့ပေမယ့် အခုထိပြေလည်မှု မရသေးပါဘူး။ ဖုယွင် အထည်ချုပ်စက်ရုံက အလုပ်ရှင်အလုပ်သမား အငြင်းပွားမှုဟာ အခုဆိုရင် ၄၈ရက်ကြာရှိနေပြီဖြစ်ပြီး ဒီစက်ရုံမှာ အလုပ်သမားပေါင်း ၉၀၀ လောက် အလုပ်လုပ်နေပါတယ်။
3 years Ago

May 1, 2018

မေဒေးနေ့ အလုပ်မပိတ်သည့် အလုပ်ရှင်ကို အရေးယူရန် အလုပ်သမားများ ချီတက်တောင်းဆို

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့ရှိ တကောင်းနီကယ်စက်ရုံစီမံကိန်းက အလုပ်သမားတွေက  မေ ၁ ရက်မှာ ကျရောက်တဲ့ ၁၂၈ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ ချီတက်ပွဲကို ဒီကနေ့မနက်က ကျင်းပပြီး အလုပ်သမား အခွင့်အရေးတွေအတွက် တောင်းဆိုပါတယ်။ ချီတက်ပွဲဦးဆောင်သူ ဦးထွန်းထွန်းဝင်း  “ကျနော်တို့ အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေဟာ ခေတ်အဆက်ဆက်ကနေ အခုအချိန်အထိ လုပ်ခလစာတွေ၊ အာမခံချက်ရှိတဲ့ ဘဝလုံခြုံမှုတွေေ၊ လူနေမှုဘဝမြှင့်တင်ဖို့တွေ ဒါတွေဟာ အခုအချိန်အထိ နိမ့်ကျနေတုန်းပါ။ လုပ်ငန်းရှင်တွေဟာ ခေတ်အဆက်ဆက်ကနေ အခုအချိန် အထိ အလုပ်သမားတွေအပေါ်မှာ ဖိနှိပ်ချုပ်ချယ်နေဆဲပဲ ဆိုတာ ဒါတွေကို အလုပ်သမားတွေ သိအောင် ကျနော်တို့ တောင်းဆိုချက်တွေ အောင်မြင်အောင် ဆက်လက်လုပ်ဆောင်သွားမှာပါ”လို့ ပြောပါတယ်။ အလုပ်သမားတချို့က မေဒေးနေ့ ချီတက်ပွဲကို လာချင်တဲ့စိတ်ရှိပေမယ့် အကြောက်တရားတွေကြောင့် လုပ်ငန်းခွင်ထဲကနေ မလာနိုင်တာတွေ ရှိတယ်။ မေဒေးနေ့မှာ အလုပ်မပိတ်တဲ့ လုပ်ငန်းရှင်ကို အရေးယူသွားဖို့ ဆက်လက်တောင်းဆိုမယ်လို့လည်း ဦးထွန်းထွန်းဝင်းက ပြောပါတယ်။ အလုပ်သမားတွေဟာ ထီးချိုင့်မြို့၊ ဧရာဝတီတံတားထိပ်မှာ ဒီကနေ့မနက်က စုစည်းပြီး ဆိုင်ကယ်တွေနဲ့ ထီးချိုင့်မြို့ရှိ ဗိုလ်ချုပ်ကြေးရုပ်တုရှိရာ လာရောက်ပြီး ဗိုလ်ချုပ်အောင်ဆန်း၊ သခင်ဖိုးလှကြီးနဲ့ ခေတ်အဆက်ဆက်က အလုပ်သမား ခေါင်းဆောင်တွေကို အလေးပြုတာနဲ့ မေဒေးနေ့ဖြစ်ပေါ်လာပုံအကြောင်း စာတမ်းတွေဖတ်ခဲ့ကြပါတယ်။ သတင်း - ကိုကိုလင်း(အင်းတော်)
4 years Ago
Up