အလာဘတ်

November 29, 2020

အလာဘတ်ကို ရှုံးနိမ့်ခဲ့မှု ရှင်းပြရန် စကားလုံးမရှိတော့ဟု ဇီဒန်း ဝန်ခံ (ရုပ်သံဟိုက်လိုက်)

အိမ်ကွင်းမှာ အလာဘတ်စ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ အသင်းရဲ့အခြေအနေနဲ့ ပတ်သက်လို့ ရှင်းပြစရာစကားလုံးတောင်မရှိတော့ဘူးလို့ ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းက ပြောပါတယ်။  ပီရတ်ဇ်နဲ့ ဂျိုဆီလူတို့က အလာဘတ်စ်အသင်းအတွက် ဦးဆောင်ဂိုး ၂ ဂိုးကို ပထမပိုင်းမှာ သွင်းယူပေးခဲ့ပြီး ရီးရဲလ်အတွက် နှစ်သိမ့်ဂိုးကိုတော့ ကွင်းလယ်လူ ကတ်စမဲရိုးက ပွဲချိန် ၈၆ မိနစ်မှာ သွင်းယူခဲ့တာဖြစ်ပါတယ်။  စနေနေ့ပွဲဟာ ရီးရဲလ်အသင်းအတွက် တတိယမြောက်လာလီဂါရှုံးပွဲဖြစ်ပြီး ထိပ်ဆုံးက အက်သလက်တီကို၊ ဆိုစီဒက်တို့နဲ့ အမှတ်ကွာဟချက်ဟာလည်း ၆ မှတ်အထိရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဒီပွဲမှာ ရီးရဲလ်အသင်းအတွက် ပိုပြီးအထိနာစေခဲ့ရတာက ကွင်းလယ်လူ ဟာဇက်ဒဏ်ရာရရှိသွားခဲ့ခြင်းဖြစ်ပြီး အသင်းရဲ့ခြေစွမ်းနဲ့ပတ်သက်လို့ တကယ်ကို ပြောစရာ စကားလုံးမဲ့စေတယ်လို့ ပွဲအပြီးမှာ ဇီဒန်းက ပြောပါတယ်။  “ကျနော့်မှာ ရှင်းပြစရာမရှိတော့ပါဘူး။ ဒီညမှာ ကျနော်တို့အတွက် ကောင်းတာရော၊ မကောင်းတာတွေပါ ဖြစ်ခဲ့ပါတယ်။ သူတို့ဘက်က ၃ မိနစ်နဲ့ ဂိုးရရှိသွားခဲ့ပြီးနောက် ကျနော်တို့အတွက် အခြေအနေတွေက ရှုပ်ထွေးသွားခဲ့ပါတယ်။ သီးတင်းပတ်အလယ်ပိုင်းက အင်တာမီလန်အသင်းကို ခြေစွမ်းပြပြီး အနိုင်ရရှိခဲ့ပေမဲ့ ဒီပွဲမှာတော့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါဟာ ကျနော်တို့အသင်းရဲ့ အရှိတရားပါ။ ကျနော်တို့ လုပ်သင့်တာကတော့ အလုပ်ကိုဆက်ကြိုးစား၊ ကစားသမားတွေကို အနားပေးပြီး အခြေအနေတွေကို ပြောင်းလဲပစ်ဖို့ပဲ ဖြစ်ပါတယ်။ ကျနော်တို့အသင်းမှာ တည်ငြိမ်မှု ပျောက်ဆုံးနေပါတယ်။” ကစားသမားတွေအတွက် လိုအပ်နေတဲ့ အဖြေတခုကို ရှာဖွေရမယ်လို့ ဇီဒန်းက ဆက်လက်ပြောဆိုသွားခဲ့ပြီး လက်ရှိအခြေအနေဟာ အသင်းအတွက် အဆိုးရွားဆုံးရာသီအစ ဖြစ်တယ်လို့လည်း ဇီဒန်းက ဝန်ခံခဲ့ပါတယ်။  ရီးရဲလ်မက်ဒရစ်အသင်းဟာ လာမယ့်အင်္ဂါနေ့မှာ ရှက်တာဒိုးနက်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
5 months Ago
Up