အလာစကာပြည်နယ်

July 26, 2019

အလာစကာပြည်နယ်တွင် တောမီးလောင်၊ သစ်တောဧက ၁ သန်းကျော် ပျက်စီး

အမေရိကန်နိုင်ငံ အလာစကာပြည်နယ်မှာ လောင်နေတဲ့ တောမီးကြောင့် သစ်တောဧက တသန်းကျော် ပျက်စီးခဲ့ပါတယ်။ လောင်နေတဲ့တောမီး အခု ၄၀ လောက်ရှိပြီး ဧက ၈၁၀,၀၀၀ ကျော် လောင်ကျွမ်းခဲ့တယ်လို့ အမျိုးသားအေဂျင်စီ မီးသတ်စင်တာက သတင်းထုတ်ပြန်ပါတယ်။ ဇူလိုင် ၁၉ နဲ့ ၂၀ ရက်နေ့က ဖဲဘန့်စ်အနီးရှိ အလာစကာတောမီးကို ငြှိမ်းသတ်နေစဉ် သစ်တောဝန်ထမ်းတဦးက တောမီးလောင်ပုံကို ဗွီဒီယိုနဲ့ မှတ်တမ်းတင်ခဲ့ပါတယ်။ မကြာသေးခင်ရက်တွေက တောမီးကြောင့် အဲဒီဒေသတွေက ပတ်ဝန်းကျင်ညစ်ညမ်းမှုဟာ ကမ္ဘာ့အဆိုးရွားဆုံးထဲ ပါဝင်ခဲ့ပါတယ်။ အလာစကာပြည်နယ်ဟာ ဒီနှစ်အတွင်း တောမီး အခု ၄၀၀ ကျော်လောင်ခဲ့ပြီး နေ့စဉ်နေ့တိုင်း တောမီးအသစ်တွေ လောင်နေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
2 years Ago

May 15, 2019

အမေရိကန်တွင် အပျော်စီးလေယာဉ် ၂ စီး လေထဲတွင်တိုက်မိ၊ လူ ၄ ဦးထက်မနည်း သေဆုံး

အမေရိကန်နိုင်ငံ အလာစကာပြည်နယ် အရှေ့တောင်ပိုင်းမှာ မေလ ၁၃ ရက်နေ့က ရှုခင်းကြည့်တဲ့ အပျော်စီး လေယာဉ်နှစ်စီး လေထဲမှာတိုက်မိကာ ရေပြင်ထဲ ပျက်ကျခဲ့ပြီး လေယာဉ်မှူးတယောက် အပါအဝင် လေးယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။ ဒီမတော်တဆဖြစ်မှုမှာ လူဆယ်ယောက် အသက်ရှင် လွတ်မြောက်ခဲ့ပေမယ့် နှစ်ယောက် ပျောက်ဆုံးနတဲ့အတွက် ကယ်ဆယ်ရေးအဖွဲ့တွေ ရှာနေတယ်လို့ အမေရိကန် ကမ်းရိုးတန်းစောင့်တပ်က မေလ ၁၄ ရက်မှာ ပြောပါတယ်။ အဲဒီလေယာဉ်အသေး ၂ စီးကို တင်ဆောင်လာတဲ့ မင်းသမီးလို့ နာမည်ပေးထားတဲ့ ဇိမ်ခံသင်္ဘောပေါ်က ခရီးသည် ၁၄ ယောက် ပါသွားခဲ့ပြီး သြစတြေးလျနဲ့ ကနေဒါ ခရီးသည် ၂ ဦး ပျောက်နေတယ်လို့ ဇိမ်ခံသင်္ဘောလိုင်းက ပြောပါတယ်။ ပျောက်ဆုံးနေသူတွေနဲ့ ပတ်သက်ပြီး နောက်ထပ် သတင်းအချက်အလက်တွေ မရသေးပါဘူး။ သေဆုံး ဒဏ်ရာရသူတွေ ဘယ်သူဆိုတာ မဖော်ထုတ်နိုင်သေးပါဘူး။ လေယာဉ်ပျက်ကျတဲ့ ကတ်ချီကန်ရေကန်ထဲက ရေအပူချိန်ဟာ ၈ ဒီဂရီ ဆဲလ်စီးယပ်စ်သာ ရှိလို့ ရေထဲမှာ အသက်ရှင်နိုင်တဲ့ ကြာချိန်က တနာရီကနေ သုံးနာရီိထိပဲ ရှိတယ်လို့ အမေရိကန် ရှာဖွေကယ်ဆယ်ရေးတပ်က အင်တာနက်စာမျက်နှာမှာ ဖော်ပြပါတယ်။ လေယာဉ်တွေ ပျက်ကျတဲ့ နေရာဟာ အလာစကာပြည်နယ် မြို့တော် ဂျူနိုကနေ မိုင် ၃၀၀ ဝေးပါတယ်။ လေယာဉ်တွေဟာ မြူထူတဲ့ Misty Fjords National Monument ကနေ ပြန်လာချိန်မှာ တိုက်မိတာလို့ ကတ်ချီကံအခြေစိုက် တာကွမ် လေကြောင်းလိုင်းက ပြောပါတယ်။ အမျိုးသား သယ်ယူပို့ဆောင်မှု ဘေးကင်းရေး ဘုတ်အဖွဲ့က စုံစမ်းစစ်ဆေးရေးမှူး အာရွန် ဆောင်အာ ဦးဆောင်ပြီး လူဆယ်ယောက်ထက်မနည်း ပါတဲ့ စစ်ဆေးရေးအဖွဲ့ကို လွှတ်ထားတယ်လို့ အဖွဲ့ ပြောခွင့်ရက ဆိုပါတယ်။
2 years Ago
Up