အလပ်ပိုမြို့

February 17, 2020

အလပ်ပိုမြို့ကို ဆီးရီးယားအစိုးရတပ် ပြန်သိမ်း

ကိုးနှစ်ကြာ ဆီးရီးယားစစ်ပွဲအတွင်း အစိုးရတပ်တွေက အလပ်ပိုမြို့ကို ပြန်သိမ်းပိုက်အပြီး ဖေဖော်ဝါရီ ၁၆ ရက်က ဒေသခံတွေဟာ ဆီးရီးယားအလံတွေကို ဝှေ့ယမ်းကာ ဗြောက်အိုးတွေ၊ မီးပန်းတွေ ပစ်ဖောက် အောင်ပွဲခံခဲ့ကြပါတယ်။ နိုင်ငံအနောက်မြောက်ပိုင်းက အလပ်ပိုခရိုင်အတွင်းမှာ အစိုးရတပ်က ဖေဖော်ဝါရီ ၁၆ ရက်နေ့က ထိုးစစ်ဆင်ခဲ့တာပါ။ တူရကီနဲ့ ရုရှားတို့ ဆွေးနွေးပွဲ နောက်တကြိမ် ပြန်မစခင် တရက်အလိုမှာ သူပုန်တွေ ခြေကုပ်ယူထားတဲ့ ဒေသအများစုကို ပြန်သိမ်းနိုင်ခဲ့တယ်လို့ အစိုးရမီဒီယာက ပြောပါတယ်။ ဒါကြောင့် ဆီးရီးယားရဲ့ အကြီးဆုံးမြို့နှစ်မြို့ကို ဆက်ထားတဲ့ အမြန်ဆုံးလမ်းကြောင်းကို ပထမဆုံး ပြန်ဖွင့်နိုင်ခဲ့လို့ ဆီးရီးယားသမ္မတ အာဆတ်အတွက် ဗျူဟာမြောက် အကြီးစား စွမ်းဆောင်နိုင်မှု ဖြစ်ပါတယ်။ ဆီးရီးယားအစိုးရရဲ့ လတ်တလော ထိုးစစ်ဟာ တူရကီနဲ့ ရုရှားအစိုးရတွေကြားက ပူးပေါင်းဆောင်ရွက်မှုကို သက်ရောက်ခဲ့တာပါ။ တူရကီနဲ့ ရုရှားတို့ဟာ ဆီးရီးယားနိုင်ငံအတွင်း ဆန့်ကျင်ဘက် လက်နက်ကိုင်အုပ်စုတွေကို ကျောထောက်နောက်ခံ ပေးထားကြပါတယ်။ အီရန် ကျောထောက်နောက်ခံပေးထားတဲ့ ပြည်သူ့စစ်တွေရဲ့ အကူအညီနဲ့ ဆီးရီးယား အစိုးရတပ်တွေ သိမ်းပိုက်ထားတဲ့ အာနာဒန်မြို့ အပါအဝင် အလပ်ပိုခရိုင်အတွင်းက မြို့တွေကို ဖေဖော်ဝါရီ ၁၆ ရက်က ရုရှားစစ်လေယာဉ်တွေဟာ လေကြောင်းကနေ အကြီးအကျယ် တိုက်ခိုက်ခဲ့တယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
1 year Ago
Up