အလန်ဂါစီယာ

April 18, 2019

လာဘ်ပေးလာဘ်ယူမှုဖြင့် စွပ်စွဲခံနေရသည့် ပီရူးသမ္မတဟောင်း ကိုယ့်ကိုယ်ကိုယ် သတ်သေ

အိုဒီးဘရက်ခ်ျ လာဘ်ပေးလာဘ်ယူမှု အရှုပ်တော်ပုံနဲ့ စွပ်စွဲခံနေရတဲ့ ပီရူးသမ္မတဟောင်း အလန်ဂါစီယာဟာ ဧပြီ ၁၇ ရက်နေ့က ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ပစ်ပြီး အဆုံးစီရင်သွားပါတယ်။ အဲဒီအရှုပ်တော်ပုံနဲ့ သူ့ကို လာရောက်ဖမ်းဆီးတဲ့ ရဲတွေကို စောင့်ခိုင်းပြီးနောက် သမ္မတဟောင်း ဂါစီယာဟာ အခန်းတခုထဲ ဝင်ရောက်ပြီး အဆုံးစီရင်သွားခဲ့တာပါ။ အသက် ၆၉ နှစ်အရွယ် သမ္မတဟောင်း ဂါစီယာ ကွယ်လွန်တဲ့သတင်းကို လက်ရှိသမ္မတ မာတင် ဗစ်ဇ်ကာရာက အတည်ပြု ပြောကြားခဲ့ပါတယ်။ ဂါစီယာဟာ ဘရာဇီး ဆောက်လုပ်ရေးကုမ္ပဏီ အိုဒီးဘရက်ခ်ျထံကနေ လာဘ်ငွေရယူခဲ့တယ်လို့ စွပ်စွဲခံရပြီး အဲဒီစွပ်စွဲချက်တွေကို သူက ငြင်းဆိုထားပါတယ်။ အလန် ဂါစီယာဟာ ပီရူးသမ္မတအဖြစ် ၁၉၈၅ ကနေ ၁၉၉၀ အထိ တကြိမ်၊ ၂၀၀၆ ကနေ ၂၀၁၁ အထိ တကြိမ် တာဝန်ထမ်းဆောင်ခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
3 years Ago
Up