အလစ်သုတ်သူ

February 21, 2019

ကျိုက်ခေါက်ဘုရားပွဲအတွင်း ကလေးငယ်များထံမှ ရွှေထည်ပစ္စည်း အလစ်သုတ်သူ ဖမ်းမိ

သန်လျင်မြို့နယ်၊ ကျိုက်ခေါက်ဘုရားဈေးပွဲတော်အတွင်း ကလေးငယ်တွေဆီက ရွှေထည်ပစ္စည်းတွေ အလစ်သုတ်တဲ့ အမျိုးသမီး တဦးကို ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်တွေဟာ သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာ၊ သီလ၀ါလမ်းမကြီး၊  ကျိုက်ခေါက်ဘုရားပွဲတော်မှာ ခါးပိုက်နှိုက်ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာမှာ ဖေဖော်ဝါရီ ၁၉ ရက်နေ့ ည ၁၀ နာရီလောက်က အမျိုးသမီးတဦးကို ဖမ်းမိခဲ့တာပါ။ ဘုရားပွဲဈေးတန်းမှာ မသင်္ကာသူ မလှလှဝင်းအား စစ်ဆေးခဲ့ရာ မိန်းမကိုင်  ပိုက်ဆံအိတ်အတွင်းမှ ရွှေဆွဲကြိုး ၁ ကုံး၊ အ၀ိုင်းပုံပါ ရွှေဆွဲသီး ၁ ခု၊ ရွှေလက်စွပ် မောင်းကွင်း ၁ ကွင်း၊ အုပ်ခဲပုံပါ ရွှေလက်စွပ် ၂ ကွင်း၊  လက်သည်းညှပ် ၁ ခုတို့ကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ မေးမြန်းချက်အရ ကျိုက်ခေါက် ဘုရားပွဲဈေးတန်းအတွင်း မိဘအုပ်ထိန်းသူတွေနဲ့ လာရောက်တဲ့ ၅ နှစ်နဲ့ ၇ နှစ်အရွယ် ကလေးငယ် ၅ ဦးထံကနေ  လက်သည်းညှပ်နဲ့ အလစ်သုတ်ယူခဲ့တဲ့ ရွှေထည်ပစ္စည်းတွေဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သက်သေခံပစ္စည်းတွေကို သိမ်းဆည်းပြီး ပြစ်မှုကျူးလွန်သူ မလှလှဝင်း (၄၈) နှစ်ကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
2 years Ago
Up