အလင်းရောင်

September 16, 2020

အလင်းရောင်၊ ပိုင်တံခွန်၊ အေးမြဖြူနှင့် အနုပညာရှင်များပါဝင်သည့် ရုပ်ရှင်ရာပြည့်ဖျော်ဖြေပွဲ ကျင်းပမည်

       မြန်မာ့ရုပ်ရှင်ရာပြည့်အထိမ်းအမှတ် သီတင်းပတ် ၇ ပတ်မြောက်ပွဲစဉ်မှာတော့ အလင်းရောင်၊ ပိုင်တံခွန်၊ စိုးပြည့်သဇင်၊ အေးမြဖြူတို့နဲ့အတူ ဝါရင့်သရုပ်ဆောင် အနုပညာရှင်တွေ ဖျော်ဖြေသွားဖို့ ရှိနေပါတယ်။ အခုနှစ်မှာ ကျရောက်တဲ့ မြန်မာ့ရုပ်ရှင်ရာပြည့်အထိမ်းအမှတ်အနေနဲ့ ရုပ်ရှင်တေးသီချင်းအပုဒ် ၁၀၀ ကို မြန်မာ့ရုပ်မြင်သံကြားကနေ အပတ်စဉ် ထုတ်လွှင့်ပြသပေးနေပြီး ဒီအစီအစဉ်ကိုတော့ အပတ်စဉ် သောကြာနေ့ ၈ နာရီသတင်းအစီအစဉ်အပြီးမှာ ထုတ်လွှင့်နေတာ ဖြစ်ပါတယ်။   ဩဂုတ် ၇ ရက်နေ့က စတင်ခဲ့တဲ့ ပွဲစဉ် ၁ မှာတော့ မောင်သိန်းဝင်း ၊ R ဇာနည်၊ နေမင်းအိမ်၊ ဟေမာနေဝင်း၊ စိုးပြည့်သဇင်၊ ချစ်စနိုးဦး၊ ခင်ပိုးပန်းချီ၊ မေ့ချစ်သက်နဲ့ မေလသံစဉ်တို့က ဖျော်ဖြေ တင်ဆက်ခဲ့ကြပါတယ်။ ဩဂုတ်လ ၁၄ ရက်နေ့ ဖျော်ဖြေပွဲအမှတ်စဉ် ၂ မှာတော့ ဂီတမှူးစန္ဒရား ကိုခင်လှ၊ စန္ဒရား တင်ကိုကိုတို့ရဲ့ မြန်မာမှုတေးဂီတအဖွဲ့နဲ့အတူ ထား၊ ချိုပြုံး၊ ရီရီသန့်၊ ခင်ညွန့်ရည်၊ တက္ကသိုလ်လဲ့လဲ့၊ နှင်းရည်သန့်၊ ခင်ပိုးပန်းချီတို့နဲ့ တခြားအဆိုတော်တွေက ဖျော်ဖြေတင်ဆက်ခဲ့ကြတာပါ။ ဩဂုတ်လ ၂၁ ရက်နေ့ ဖျော်ဖြေပွဲအမှတ်စဉ် ၃ အနေနဲ့ အင်ပါယာတေးဂီတအဖွဲ့နဲ့အတူ နာ မည်ကျော် အဆိုတော်တွေဖြစ်ကြတဲ့ ဇော်ဝင်းထွဋ်၊ ရင်ဂို၊ ဝိုင်းစုခိုင်သိန်းတို့အပြင် တခြားအဆို တော်တွေဖြစ်ကြတဲ့ စည်သူလွင်၊ အောင်လ၊ ဝေလ၊ မေသက်ထားဆွေ၊ ဂျူဝယ်လ်၊ အေးမြဖြူတို့က တင်ဆက်ပေးခဲ့ကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၇ ရက်နေ့ ဖျော်ဖြေပွဲအမှတ်စဉ် ၄ မှာတော့ မြန်မာသံအဆိုတော်ကြီးတွေ ဖြစ်ကြတဲ့ ထား၊ ရီရီသန့်၊ တင်ဦးလေးတို့နဲ့အတူ ခင်စိုးဝင်း၊ စိမ်းလဲ့လဲ့၊ ဝိုင်းလမင်းအောင်၊ မေ သက်ထားဆွေစတဲ့ အဆိုတော်ပေါင်းများစွာကသီဆိုဖျော်ဖြေခဲ့ကြတာပါ။ စက်တင်ဘာလ ၄ ရက်နေ့ ဖျော်ဖြေပွဲအမှတ်စဉ် ၅ မှာတော့ မေဆွိ၊ ချောစုခင်၊ နီနီ ခင်ဇော်တို့နဲ့အတူ တခြားအဆိုတော်တွေ ဖြစ်ကြတဲ့ ချမ်းမြေ့မောင်ချို၊ ဇော်ပိုင်၊ ဖိုးကာ၊ ဝေလ၊ အောင်ထက်တို့က အင်ပါယာတေးဂီတအဖွဲ့နဲ့အတူ ဖျော်ဖြေသွားခဲ့ကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက်နေ့ ဖျော်ဖြေပွဲအမှတ်စဉ် ၆ မှာတော့ ကြိုတင် ကြေညာထားခဲ့သူတွေထဲက ဟဲလေး၊ ဖြူဖြူကျော်သိန်းနဲ့ အိုင်ရင်းဇင်မာမြင့်တို့က မလာ ရောက်နိုင်ခဲ့တဲ့အတွက် ကျန်တဲ့ အဆိုတော်တွေဖြစ်ကြတဲ့ တူးတူး၊ တိုနီသစ်လွင်၊ ဝေကြီး၊ ဂျူနီယာချစ်ကောင်း၊ ကေကေမိုး၊ နန်းဆုဦး၊ ရေချယ် စတဲ့ တေးသံရှင်တွေက Luck Hand တေးဂီတအဖွဲ့နဲ့အတူ ဖျော်ဖြေသွားခဲ့ကြတာ ဖြစ်ပါတယ်။ အခုလာမယ့် စက်တင်ဘာလ ၁၈ ရက်နေ့ည ဖျော်ဖြေပွဲအမှတ်စဉ် ၇ မှာတော့ အလင်းရောင်၊ ပိုင်တံခွန်၊ စိုးပြည့်သဇင်၊ အေးမြဖြူတို့နဲ့အတူ ဝါရင့်သရုပ်ဆောင် အနုပညာရှင်တွေေဖြစ်ကြတဲ့ ထွန်းထွန်းဝင်း၊ ရန်အောင်၊ စိုးသူ၊ မင်းဦး၊ ဆုပန်ထွာစတဲ့ အနုပညာရှင်တွေက Oasis တေးဂီတအဖွဲ့နဲ့ ပါဝင်ဖျော်ဖြေသွားကြမှာ ဖြစ်ပါတယ်။ မြန်မာ့ရုပ်ရှင်ဟာ အာရှဒေသတွင်း သက်တမ်းအရှည်ကြာဆုံးသော ရုပ်ရှင်လောကတွေထဲက တခုဖြစ်ပြီး လာမယ့် အောက်တိုဘာလ ၁၃ ရက်နေ့မှာတော့ သက်တမ်းနှစ် ၁၀၀ ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ မြန်မာ့ ပထမဦးဆုံးသော ရုပ်ရှင်ကားကတော့ ၁၉၂၀ ပြည့်နှစ်က ဦးထွန်းရှိန် (ဝိုင်အမ်ဘီအေ ခေါင်းဆောင်နဲ့ အမျိုးသားရေးရှေ့နေ)ရဲ့ နာရေးအခမ်းအနားကို သက်ဝင်ပေါ်လွင်အောင် ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင် ဖြစ်ပြီး နောက်ပိုင်းနှစ်တွေမှာတော့ ရုပ်ရှင်ဟာ မြန်မာ့အမျိုးသားရေး နိုးကြားတက်ကြွလာစေဖို့ အဓိကအခန်းကဏ္ဍက ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ အခုနှစ်မှာ ကျရောက်တဲ့ မြန်မာ့ရုပ်ရှင် ရာပြည့်အခမ်းအနားကတော့ လတ်တလော ကမ္ဘာ့နိုင်ငံတွေအနှံ့ ဖြစ်ပွားနေဆဲ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျင်းပမယ့်ရက်ကို တိတိကျကျ မသိနိုင်သေးဘဲ ရပ်ဆိုင်းထားခဲ့ရတာ ဖြစ်ပါတယ်။
9 months Ago

June 24, 2020

နှုတ်ခမ်းနီမလေးတို့ အသည်းစွဲသရုပ်ဆောင် အလင်းရောင်သီဆိုသည့် “မေ” သီချင်း(ရုပ်သံ)

“မေ… သိပ်လှလွန်းတဲ့ မေ… မေ့ရဲ့ အလှကြောင့် ကျနော်ရူး… ကျနော်မူး… ကျ နော်ဝပ်စင်းရပြီ မေ… လှရက်လွန်းတဲ့ မေ… နတ်သက်ကလေးများ ကြွေသလား… ထင် မှား… ကမ္ဘာမှာ အလှဆုံးက မေ” ဒါကတော့ လတ်တလော အသစ်ထွက်ရှိထားတဲ့ နှုတ်ခမ်းနီမလေးတွေ အသည်းစွဲ သရုပ်ဆောင် အဆိုတော် အလင်းရောင်ရဲ့ သီချင်းသစ်တပုဒ်ထဲက တေးသွားစာသားတွေ ဖြစ်ပါတယ်။ “မေ”လို့ ရိုးရိုးရှင်းရှင်း နာမည်ပေးထားခဲ့တဲ့ ဒီသီချင်းကိုတော့ Joox Myanmar ကတဆင့် တင်ဆက်လိုက်တာ ဖြစ်ပါတယ်။ “သဲလည်းစင် ခြောက်ပစ်ကင်းတဲ့… မနိမ့်မမြင့်တဲ့ အရပ်နဲ့ တင့်တယ်… နို့နှစ် ရောင်သန်းတဲ့ အသားအရည်နဲ့… မေ သိပ်လှတယ်… ပုလဲလုံးစီ သွားလေးများနဲ့… ပြုံး လိုက်ရင် ရူးသွားလောက်တယ်… ရွှန်းလဲ့စို ညှို့မျက်ဝန်းတွေနဲ့… မေရယ်… သန်းလေး ထောင်သော အမျိုးသမီးတွေထဲမှာ မေအလှဆုံး… မေနေ့တိုင်းသောက်တဲ့ ကော်ဖီလေး တခွက် ဖြစ်ချင်တယ်” အသက် ၂၈ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ အလင်းရောင်ဟာ မန္တလေးမြို့ဇာတိဖြစ်ပြီး ၂၀၀၈ ခုနှစ်က စတင်ပြီး မော်ဒယ်တယောက်အဖြစ်နဲ့ အနုပညာလောကထဲကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ မော်ဒယ်တယောက်အနေနဲ့ လှုပ်ရှားနေရင်း စီးပွားရေး ကြော်ငြာတွေမှာ သရုပ်ဆောင်ရာကနေ တစစနဲ့ ပရိသတ်တွေ သိလာခဲ့ကြတာပါ။ ၂၀၁၂ ခုနှစ် မှာတော့ မဟော်ဂနီရုပ်ရှင်ထုတ်လုပ်ရေးနဲ့ စာချုပ်ချုပ်ခဲ့ပြီး ခေါင်းဆောင်မင်းသားအနေနဲ့ ရုပ်ရှင်ကားတွေမှာ ပါဝင်ခွင့် ရရှိခဲ့ပါတယ်။ ‘အလင်းရောင်’ လို့ ပရိသတ်တွေက အသိအမှတ်ပြုလာစေခဲ့တဲ့ ထင်ရှားတဲ့ ရုပ်ရှင် ကားတွေကတော့ ၂၀၁၅ ခုနှစ်ထွက် ရုပ်ရှင်ကား ‘ရည်းစားဦး’၊ ၂၀၁၇ ခုနှစ်ထွက် ရုပ်ရှင် ကားတွေဖြစ်တဲ့ ‘ဘယ်ရည်းစားကို အချစ်ဆုံးလဲ’၊ ‘သရဲမ’၊ ‘ဘီလူးမနှင့် မိန်းမပျို’ ဇာတ်ကားတွေ ဖြစ်လာခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ မဟော်ဂနီရုပ်ရှင်ထုတ်လုပ်ရေးနဲ့ အဆင်မပြေလို့ လမ်းခွဲခဲ့ပြီးနောက်မှာတော့ သူ့ရဲ့ တကိုယ်တော် တေးအယ်လ်ဘမ်ထွက်ရှိနိုင်ဖို့ ကြိုးစားခဲ့ပြီး ၂၀၁၆ ခုနှစ်မှာတော့ သူ့ရဲ့ ပထမဆုံးတေးအယ်လ်ဘမ် “Oh' My Crush” ထွက်ရှိခဲ့တာ ဖြစ်ပါ တယ်။ လတ်တလောမှာတော့ ၂၀၁၆ ခုနှစ်ကတည်းက လက်တွဲခဲ့တဲ့ ထားဝယ်ရုပ်ရှင် ထုတ်လုပ်ရေးနဲ့ ရုပ်ရှင်ရိုက်ကူးမှုတွေနဲ့အတူ လှုပ်ရှား‌နေခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ အလင်းရောင် ပါဝင်တဲ့ ရုပ်ရှင်ကားတွေ အများစုထွက်ရှိခဲ့ပြီး  ‘ရွှေကြာ’၊ ‘သမ္မတကြီးထံပေးစာ’၊ ‘သတို့သမီး’၊ ‘နောင်တွင်ဥဒါန်းတွင်စေသတည်း’ စတဲ့ ရုပ်ရှင်ကားတွေဟာ ထင်ရှားတဲ့ ရုပ်ရှင်တွေ ဖြစ်ပါတယ်။ အကယ်ဒမီဆန်ခါတင်အနေနဲ့တော့ အလင်းရောင်ဟာ ၂၀၁၅ ခုနှစ်မှာ ရည်းစားဦး၊ ၂၀၁၈ ခုနှစ်မှာ ‘သတို့သမီး’ ရုပ်ရှင်တွေနဲ့ စာရင်းဝင်နေခဲ့ပြီး ASEAN International Film Festival & Awards မှာတော့ ‘ရွှေကြာ’ ရုပ်ရှင်နဲ့ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ မနှစ်က ၂၀၁၉ ခုနှစ်မှာတော့ အလင်းရောင် ပါဝင်တဲ့ ‘ပပဝတီစီရင်ခန်း’၊ ‘ရှေ့သွား နောက်လိုက်’ စတဲ့ ရုပ်ရှင်ကားတွေ ထွက်ရှိထားခဲ့တာပါ။ လတ်တလောမှာတော့ သူ့ရဲ့ အသစ်ထွက် သီချင်းတပုဒ်ဖြစ်တဲ့ ဒီသီချင်းဟာ ပရိသတ်တွေကြား ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။ “You’re Beautiful, Oh Baby… နှစ်ယောက်မရှိနိုင်အောင် လှလို့ရယ်… I’m so in Love with You, my Girl, my Baby… ခါးသေးရင်ချီလေးမို့ကွယ်… ဖွဲ့လို့ မမီ အောင်လှရက်တယ်… မင်းအလှမှာ ဒူးထောက်လို့ ကိုယ်ရူး… Like a Fool”
1 year Ago
Up