အလက်ဇစ်ဆန်းချက်ဇ်

January 30, 2020

ဆန်းချက်ဇ် မန်ယူကိုပြန်လာမည်ဟု ဆိုးလ်ရှား အတည်ပြု

အင်တာမီလန်အသင်းကို အငှားထွက်ကစားနေတဲ့ အလက်ဇစ်ဆန်းချက်ဇ်ဟာ စာချုပ်ကုန်ဆုံးချိန်မှာ အသင်းကို ပြန်လည်ရောက်ရှိလာမယ်လို့ မန်ချက်စတာယူနိုက်တက်နည်းပြ အိုလေဂန်နာ ဆိုးလ်ရှားက အတည်ပြု ပြောပါတယ်။ ချီလီတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ သြဂုတ်လကစလို့ အင်တာမီလန်အသင်းကို တနှစ်အငှားနဲ့ သွားရောက်ကစားခဲ့တာဖြစ်ပြီး ယူနိုက်တက်အသင်းနဲ့ နှစ်နှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေပါတယ်။ ဆန်းချက်ဇ်ဟာ ဒဏ်ရာနဲ့ ကြံ့ခိုင်ရေး အခြေအနေတွေကြောင့် အင်တာမီလန်အသင်းအတွက် ၇ ပွဲ ကစားပြီး ၂ ဂိုးသာ သွင်းယူပေးထားပါတယ်။ သူဟာ ယူနိုက်တက်အသင်းကို ရောက်ခါစနှစ်မှာလည်း ဒီလိုအခြေအနေမျိုးနဲ့ ရင်ဆိုင်ခဲ့ရသူ ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ အာဆင်နယ်အသင်းမှာ ပြသခဲ့တဲ့ ခြေစွမ်းကို ပြန်လည်ရရှိဖို့ ရုန်းကန်နေရဆဲ ဖြစ်တာကြောင့် အသက် ၃၁ နှစ်အရွယ် ကစားသမားဟာ ရာသီကုန်ချိန်မှာ ယူနိုက်တက်အသင်းကနေ အပြီးသတ်ထွက်ခွာသွားရနိုင်တယ်လို့ ခန့်မှန်းမှုတွေ ရှိနေပေမယ့် ဆိုးလ်ရှားကတော့ ကစားသမားဟာ ယူနိုက်တက်အသင်းမှာ အနာဂတ်ရှိနေဆဲ ဖြစ်တယ်လို့ ထပ်မံပြောဆိုပါတယ်။  “အလက်ဇစ်ဟာ ရာသီမှာ အသင်းကို ပြန်လာမှာဖြစ်ပြီး သူ့အပေါ် သံသယဝင်နေတဲ့သူတွေကို မှားယွင်းကြောင်း သက်သေပြမှာ ဖြစ်ပါတယ်” လို့ အင်္ဂါနေ့မှာ လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတခုမှာ ဆိုးလ်ရှားက ပြောပါတယ်။ လက်ရှိခြေအနေတွေအရ ယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် စိုးရိမ်ရတဲ့ အနေအထားမှာရှိနေဆဲဖြစ်ပြီး နည်းပြဆိုးလ်ရှားအတွက် လူသစ်ဖြည့်တင်းဖို့ အပြောင်းအရွှေ့ကာလဟာလည်း ကုန်ဆုံးဖို့ နီးကပ်လာပြီ ဖြစ်ပါတယ်။  ယူနိုက်တက်အသင်းဟာ  ရပ်ရှ်ဖို့ဒ်၊ ပေါ့ဘာနဲ့  မက်တွန်မီနေးတို့လို အဓိကကစားသမားတွေကို ဒဏ်ရာကြောင့် လက်လွှတ်ထားရတာဖြစ်ပြီး အပြောင်းအရွှေ့ ကာလတလျှောက် သတင်းကြီးခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူဖို့လည်း အခုချိန်ထိ မသေချာ မရေရာတဲ့ အခြေအနေမှာပဲ ရှိနေပါသေးတယ်။ ယူနိုက်တက်နည်းပြက အခုအပြောင်းအရွှေ့မှာ ကစားသမားသစ် ခေါ်ယူဖို့ ခက်ခဲနေတယ်လို့ ဝန်ခံထားပြီး အသင်းတွေဟာ သူတို့ရဲ့ အဓိကကစားသမားတွေကို လက်မလွှတ်လိုတာကြောင့် ဒီကာလမှာ ကောင်းမွန်တဲ့ ကစားသမား ခေါ်ယူမှုတွေကို ပြုလုပ်နိုင်ဖို့ ခက်ခဲနေတယ်လို့ ပြောဆိုထားပါတယ်။
1 year Ago
Up