အရှေ့အလယ်ပိုင်းဒေသမှာ သွားလာနေတဲ့ ဂျပန်သင်္ဘောတွေကို ကာကွယ်ဖို့ ဂျပန်အစိုးရက စစ်သင်္ဘောတစီးနဲ့ ကင်းလှည့်လေယာဉ်တွေ စေလွှတ်သွားမယ်လို့ ဒီဇင်ဘာ ၂၇ ရက်မှာ ကြေညာလိုက်ပါတယ်။
ဝန်ကြီးချုပ် ရှင်ဇိုအာဘေးအစိုးရ အစီအစဉ်အရ ရဟတ်ယာဉ်ပါ ဖျက်သင်္ဘောနဲ့ P-3C ကင်းလှည့်လေယာဉ် ၂ စီးကို သတင်းအချက်အလက်စုဆောင်းဖို့ အရှေ့အလယ်ပိုင်းဒေသကို စေလွှတ်သွားမှာပါ။
ဂျပန်သင်္ဘောတွေ အန္တရာယ်ကျရောက်တဲ့အခါမျိုးမှာ ကာကွယ်ဖို့အတွက် လက်နက်သုံးခွင့်ပြုတဲ့ အထူးအမိန့်ကို ဂျပန်ကာကွယ်ရေးဝန်ကြီးက ထုတ်ပြန်သွားမှာလည်း ဖြစ်ပါတယ်။
အစိုးရအစည်းဝေးအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကာကွယ်ရေးဝန်ကြီး တာရိုကိုနိုက ဒီဆုံးဖြတ်ချက် ရည်ရွယ်ချက်ဟာ ဂျပန်သင်္ဘောတွေရဲ့ လုံခြုံရေးနဲ့အတူ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက်ဖြစ်တယ်လို့ ပြောပါတယ်။
ဂျပန်သင်္ဘောတွေကို ကာကွယ်စောင့်ရှောက်ပေးမယ့် ဒေသတွေကတော့ အိုမန်ပင်လယ်ကွေ့၊ အာရေဗျပင်လယ်မြောက်ပိုင်းနဲ့ အေဒင်ပင်လယ်ကွေ့ ပါဝင်ပေမယ့် ဟော်မုဇ်ရေလက်ကြား မပါဝင်ဘူးလို့ ရိုက်တာသတင်းအရ သိရပါတယ်။
1 year Ago