အရှေ့ပိုင်းခရိုင်တရားရုံး

June 26, 2020

သရုပ်ဆောင်မင်းရာဇာအမှု တရားလိုဖြစ်သူကို စတင်စစ်ဆေး

သရုပ်ဆောင်မင်းရာဇာကို စွဲဆိုထားတဲ့ ပုဒ်မ ၃၇၆ အမှုနဲ့ပတ်သက်ပြီး ရန်ကုန် အရှေ့ပိုင်းခရိုင်တရားရုံးမှာ ဒီကနေ့ ဇွန်လ၂၆ ရက်က ပထမအကြိမ်ရုံးထုတ်ပါတယ်။ ရုံးထုတ်ရာမှာ သရုပ်ဆောင်မင်းရာဇာကို တရားလိုပြုတိုင်တန်းထားတဲ့ အဓမ္မပြုကျင့်ခံခဲ့ရတဲ့မိန်းကလေးရဲ့ မိခင်ဖြစ်သူကို စတင်စစ်ဆေးခဲ့တာပါ။ လာမယ့်  ဇူလိုင်လ ၃ ရက်နေ့မှာတော့ တရားလိုဖြစ်သူကို ဆက်လက်စစ်ဆေးသွားမှာ လည်းဖြစ်ပါတယ်။ မြောက်ဥက္ကလာပမြို့နယ်တရားရုံးမှာတော့ ပုဒ်မ ၄ ခုနဲ့တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် မင်းရာဇာအပါအဝင် ၃ ဦးနဲ့ မင်းရာဇာရဲ့ ယောက်က္ခမဖြစ်သူ ဦးမောင်မောင်အေးတို့ကို ဇွန်လ ၂၅ ရက်က မြောက်ဥက္ကလာပ မြို့နယ်တရားရုံးမှာ (၅) ကြိမ်မြောက် ရုံးချိန်းမှာ အမှုတွဲတွေ ပြန်မရောက်သေးတာကြောင့် အမှုစစ်ဆေးတာတွေ မပြုလုပ်သေးဘဲ  ရုံးချိန်းပြန်လည်ချိန်းဆိုခဲ့ပါတယ်။ သရုပ်ဆောင်မင်းရာဇာကို ရာဇသတ်ကြီးပုဒ်မ ၃၂၆ အပြင် ပုဒ်မ ၃၄ ကိုလည်းတွဲကာ တရားစွဲဆိုထားပါတယ်။ ပုဒ်မ ၃၄ ကတော့ အကြံတူတစ်ခုကို ပူးပေါင်းပါဝင်ကြောင်း ပြဋ္ဌာန်းထားတဲ့ပုဒ်မဖြစ်ပါတယ်။ ပုဒ်မ ၃၂၆ မှာ ဘေးဖြစ်စေတတ်သော လက်နက်ဖြင့် သို့မဟုတ် မိမိအလိုအလျောက် အပြင်းအထန်နာကျင်စေမှုဖြစ်ပြီး ပြစ်ဒဏ်အနေနဲ့ထောင်ဒဏ် တစ်သက်တစ်ကျွန်းဖြစ်စေ၊ ထောင်ဒဏ် ၁၀ နှစ်ဖြစ်စေ ချမှတ်နိုင်တဲ့အပြင် ငွေဒဏ်လည်းချမှတ်နိုင်ပါတယ်။
10 months Ago

May 8, 2020

သရုပ်ဆောင်မင်းရာဇာကို မုဒိမ်းမှု၊ လူခိုးမှုဖြင့်  တရားစွဲတင်

ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင်မင်းရာဇာကို မုဒိမ်းမှု၊ လူခိုးမှုစတဲ့ ပုဒ်မတွေနဲ့  ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက မေလ ၈ ရက်နေ့မှာ  တရားစွဲတင်လိုက်တာပါ။ အဲဒီအမှုနဲ့ပတ်သက်ပြီး သရုပ်ဆောင်မင်းရာဇာကို အရှေ့ပိုင်းခရိုင်တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး ပုဒ်မ ၃၇၆၊ ၃၆၃ တို့နဲ့ တရားစွဲတင်ခဲ့တယ်လို့ အမှုကို လိုက်ပါကူညီပေးနေတဲ့ ဒေါ်စောခင်သူဇာက ပြောပါတယ်။ ဒါပေမယ့်လည်း COVID-19 ရောဂါအခြေအနေတွေကြောင့် နောက်ရုံးချိန်းကိုတော့ ချိန်းဆိုထားတာမရှိသေးဘူးလို့ သိရပါတယ်။ သရုပ်ဆောင်မင်းရာဇာ အပါအဝင်လေးဦးကို မေလ ၇ ရက်နေ့ကလည်း  အိမ်အကူ အမျိုးသမီးငယ်လေးကို အပြင်းအထန်နာကျင်စေမှုနဲ့ပတ်သက်ပြီး မြောက်ဥက္ကလာပ မြို့နယ်တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး မင်းရာဇာရဲ့ ယောက္ခမဖြစ်သူကတော့ အာမခံရပါတယ်။ အိမ်အကူအမျိုးသမီးငယ်အား အက်ဆစ်နဲ့ပက်နှိပ်စက်ခဲ့တဲ့ သရုပ်ဆောင်မင်းရာဇာ အပါအဝင် ၄ ဦးကို  မေ ၇ ရက်နေ့က မြောက်ဥက္ကလာပမြို့နယ်တရားရုံမှာ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့တာပါ။ ဒီနေ့ရုံးထုတ်မှာ မင်းရာဇာရဲ့ ယောက္ခမဖြစ်သူအငြိမ်းစား ရဲဝန်ထမ်း ဦးမောင်မောင်အေးကို တရားရုံး  ကျပ် ၁၀ သိန်းတန် အာမခံ လျှောက်ထားသူ ၂ ဦးက  အာမခံပေးခဲ့ပြီး ဒုတိယမြောက် ရုံးချိန်းကို မေလ ၂၁ ရက်နေ့ ပြန်လည် ချိန်းဆိုထားပါတယ်။ သရုပ်ဆောင်မင်းရာဇာ၊ ဇနီး မဖူးငုံပွင့်နဲ့ ဦးမောင်မောင်အေးတို့ကို ပုဒ်မ ၃၂၄၊ ၃၂၅၊ ၃၅၄၊ ၁၁၄ နဲ့  ရွှေပေါက်ကံရဲစခန်းက အမှုဖွင့်အရေးယူထားတာ ဖြစ်ပါတယ်။ ထွက်ပြေးတိမ်းရှောင်ဖို့ ကြိုးပမ်းခဲ့တဲ့  မင်းရာဇာနဲ့ ဇနီးဖြစ်သူတို့ကို  မန်နေဂျာ ရခိုင်လေး ဆိုသူနဲ့အတူ  ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) တပ်ဖွဲ့ကဧပြီ ၉ ရက်ညပိုင်းမှာ ဖမ်းမိခဲ့ပြီး မြဝတီရဲစခန်းကို လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။  
11 months Ago
Up