အရှင်လတ်လတ် မြေမြှုပ်ခံရသည့် ဆယ်ကျော်သက်မိန်းကလေးကို ကယ်တင်

May 11, 2017

အရှင်လတ်လတ် မြေမြှုပ်ခံရသည့် ဆယ်ကျော်သက်မိန်းကလေးကို ကယ်တင် (ရုပ်သံ)

အိန္ဒိယနိုင်ငံမှာ အချိန် ၂ နာရီလောက် မြေကြီးထဲ အရှင်လတ်လတ် မြေမြှုပ်ခံခဲ့ရတဲ့ ဆယ်ကျော်သက် မိန်းကလေးတဦးကို ဖခင်ဖြစ်သူနဲ့ ကယ်ဆယ်ရေးသမားတွေက ကယ်တင်ခဲ့ရပါတယ်။ ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့က အိန္ဒိယနိုင်ငံအရှေ့ပိုင်း၊ ဘီဟာရ်ပြည်နယ်၊ ဂိုဗင်ပူရ်ကျေးရွာမှာ ဖြစ်ခဲ့တာဖြစ်ပြီး မိဘတွေရဲ့ ပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုတခုကြောင့် ခုလိုဖြစ်ခဲ့တာလို့ ဆိုပါတယ်။ အသက် ၁၉ နှစ်အရွယ်ရှိတဲ့ ခူရှ်ဘူး ခါတန်ဟာ အဲဒီနေ့က ဈေးကအပြန် အမျိုးသား ၃ ဦးက ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရကာ ၃ ပေအနက်ရှိတဲ့ မြေတွင်းထဲကို တွန်းချပြီး မြှုပ်ခံခဲ့ရတာပါ။ ခူရှ်ဘူးဟာ အိမ်ကိုပြန်ရောက်မလာခဲ့လို့ ဖခင်ဖြစ်သူနဲ့ မိခင်တို့က လိုက်ရှာခဲ့ချိန်မှာတော့ ခုလိုတွေ့ရှိခဲ့ကြတာဖြစ်ပြီး အနီးနားက ရွာသားတွေ အကူအညီနဲ့ ကယ်တင်ခဲ့ကြရတာပါ။ သူဟာ အသက်ရှူကြပ်နေခဲ့ကာ သတိလစ်မတတ် ဖြစ်နေခဲ့တာမို့ နီးစပ်ရာ ဆေးရုံတရုံဆီကို ပို့ဆောင်ထားပြီး လိုအပ်တဲ့ စစ်ဆေးကုသမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ ဒီဖြစ်စဉ်ကို ရဲတွေထံ တိုင်ကြားခဲ့ပြီးနောက် သံသယရှိသူကို စုံစမ်းခဲ့ချိန်မှာ ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်တဦးနဲ့ အပေါင်းပါ ၂ ဦးတို့ ပူးပေါင်းကြံစည်ခဲ့တာကို တွေ့ရှိခဲ့ကြတာပါ။ အမစ်တ်ရှားလို့ အမည်ရတဲ့ အဲဒီလုပ်ငန်းရှင် အမျိုးသားဟာ မိန်းကလေးရဲ့ ဖခင်ဖြစ်သူ အန်ဆရီပိုင်ဆိုင်တဲ့ မြေကို ဆောက်လုပ်ရေးလုပ်ငန်းမှာ အသုံးပြုဖို့ လိုချင်ခဲ့တာဖြစ်ပြီး ပူးပေါင်းဖို့ သဘောမတူခဲ့တဲ့အတွက် သမီးဖြစ်သူကို ခုလို ကျူးလွန်ခြိမ်းခြောက်ခဲ့တာပါ။ ဒေသတွင်း ရဲဌာန ညွှန်ကြားရေးမှူးတဦးဖြစ်တဲ့ နာဝဲလ် ကစ်ရှိုးဆင်းဂ်ျက “ဒါက ပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုတခုပါ။ ဒါ ဟိုးလွန်ခဲ့တဲ့ နှစ်အတော်ကြာတည်းက ဖြစ်နေခဲ့တာ” လို့ ပြောပါတယ်။ လက်ရှိမှာတော့ သံသယရှိသူ တရားခံ ၃ ဦးစလုံးဟာ ထွက်ပြေးနေခဲ့ပြီး ရဲတွေကတော့ ဖမ်းဝရမ်းထုတ်ကာ လိုက်လံဖမ်းဆီးနိုင်ဖို့ ကြိုးစားနေကြပါတယ်။
4 years Ago
Up