.အရေးယူ

February 4, 2021

လူမျိုးရေးခွဲခြားမှုအတွက် လူမှုကွန်ရက်ကုမ္ပဏီများကို ပြင်းပြင်းထန်ထန်အရေးယူရန် ဗြိတိန် ပြင်ဆင်

လူမျိုးရေးခွဲခြားမှုတွေ နဲ့ ပတ်သက်လို့ လူမှုကွန်ရက်ကုမ္ပဏီတွေအပေါ် တင်းကြပ်သွားဖို့ ပြင်ဆင်ထားတယ်လို့ ဗြိတိန်အစိုးရက ပြောပါတယ်။ 

ဒီကိစ္စအတွက်ဒဏ်ငွေဟာ ပေါင်ဘီလီယံချီ ဖြစ်နိုင်တယ်လို့လည်း သတိပေးခဲ့ပါတယ်။

မကြာသေးခင်က ယူနိုက်တက်နဲ့ချဲလ်ဆီးအသင်းတို့က ကစားသမားတချို့ ခွဲခြား တိုက်ခိုက်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပြီးနောက် အွန်လိုင်းကနေ လူမျိုးရေးခွဲခြားမှုဟာ အာရုံစိုက်စရာ ဖြစ်လာခဲ့ပါတယ်။ 

ခွဲခြားတိုက်ခိုက်ခံရသူတွေထဲမှာ ယူနိုက်တက်တိုက်စစ်မှူး မားကပ်ရက်ဖို့ဒ်လည်း ပါဝင်နေခဲ့ပြီး သူခွဲခြားခံခဲ့ရတာဟာ လူသားဆန်မှု နဲ့ လူမှုကွန်ရက်တို့ရဲ့ အဆိုးရွားဆုံးအခြေအနေ ဖြစ်တယ်လို့ပြောပါတယ်။ 

ယူနိုက်တက်ကစားသမားတွေဖြစ်တဲ့ တွန်ဇမ်ဘီနဲ့ မာရှယ်တို့ဟာလည်း ဒီလိုခွဲခြားမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ်။ 

ချဲလ်ဆီးနောက်ခံလူ ရိစ်ဂျိမ်းဟာလည်း ပြီးခဲ့တဲ့သီတင်းပတ်အတွင်းမှာ ခွဲခြားမှုတွေနဲ့ ကြုံတွေ့ခဲ့ရပြီး တစ်ခုခု အပြောင်းအလဲလုပ်သင့်နေပြီလို့ပြောခဲ့ပါတယ်။

ဒါ့ကြောင့် ယူနိုက်တက်နဲ့ ချဲလ်ဆီးအသင်းတို့က လူမှုကွန်ရက်ကုမ္ပဏီတွေအပေါ် တင်းကြပ်တဲ့ ပြစ်ဒဏ်တွေချမှတ်ဖို့ တောင်းဆိုခဲ့ပြီး ဒီတောင်းဆိုမှုတွေအတိုင်း ဆောင်ရွက်ဖို့ အစိုးရက အဆင်သင့်ဖြစ်နေပုံရပါတယ်။ 

ဘီဘီစီနဲ့ အင်တာဗျူးတစ်ခုမှာ ဗြိတိန်ယဉ်ကျေးမှုဝန်ကြီး အိုလီဗီယန်ဒေါ်ဒန်က အစိုးရဟာ အွန်လိုင်းတိုက်ခိုက်မှုတွေ ဖယ်ရှားရေး စတင်ဆောင်ရွက်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောပါတယ်။ 

“ပိုပြီးပြင်းထန်တဲ့တရားဥပဒေဆိုင်ရာ ဆောင်ရွက်ချက်တွေကို ချမှတ်ဖို့ဆန္ဒရှိနေပါတယ်။ ပိုပြီးတင်း ကြပ်သွားဖို့လည်း ပြင်ဆင်ထားပါတယ်။ ကုမ္ပဏီတွေအနေနဲ့ ဒါကို မတားဆီးနိုင်ဘူး ဆိုရင် အစိုးရအနေနဲ့ ဒဏ်ငွေကို တင်းတင်းကပ်ကြပ်ချမှတ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒဏ်ငွေ ပမာဏဟာ ကမ္ဘာလုံးဆိုင်ရာဝင်ငွေရဲ့ ၁၀ ရာခိုင်နှုန်းလောက်အထိ ရှိလာနိုင်ပါတယ်။ လူမှုကွန်ရက်ကုမ္ပဏီတချို့ဟာ ပေါင်ဘီလီယံချီပြီးလည်ပတ်နေကြ တာပါ” လို့ သူက ပြောပါတယ်။ 

ဒီအခြေအနေမှာ ထိပ်ဆုံးရောက်လူမှုကွန်ရက်ကုမ္ပဏီကြီးတွေကို ရာဇဝတ်မှုဆိုင်ရာ ကိစ္စတွေနဲ့ အရေးယူသွားဖို့ အထိရှိတယ်လို့လည်း ဒေါ်ဒန်ကပြောပါတယ်။

 “လုံးဝဒီလိုလုပ်ဖို့ ဆန္ဒမရှိပေမဲ့ အရမ်းကြီးဆိုးရွားတဲ့ ကိစ္စတွေမှာ ဆိုရင်ထိပ်တန်း ကုမ္ပဏီကြီးတွေကို ရာဇဝတ်မှုဆိုင်ရာ ပိတ်ဆို့အရေးယူမှုတွေအထိ လုပ်ဆောင် သွားဖို့ ပြင်ဆင်ထားပါတယ်” လို့ သူကဆက်ပြောခဲ့ပါတယ်။

2 years Ago
Up