အရေးယူရန်တိုက်တွန်း

November 26, 2020

လူမှုကွန်ရက်တွင် ကိုဗစ်-၁၉ ကာကွယ်ကုသဆေးရောင်းချနေသူများကို အရေးယူရန်တိုက်တွန်း  

လူမှုကွန်ရက်မှာ ကိုဗစ်-၁၉  ရောဂါပျောက်မယ်ဆိုပြီး အထောက်အထားမရှိ ဆေးရောင်းချနေသူတွေကို တာဝန်ရှိသူတွေအနေနဲ့ တားဆီးအရေးယူပေးဖို့ တိုင်းရင်းဆေးတက္ကသိုလ် ကျောင်းသားဟောင်းများအသင်း (UTMAA)က နိုဝင်ဘာ ၂၆ရက်မှာ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။ ရှေးယခင်က သမားတော်ကြီးတွေက နိုင်ငံတော်မှာပေါ်ပေါက်လာတဲ့ ကပ်ရောဂါတွေကို ကုသပေးနိုင်ခဲ့ပေမဲ့ အခု ကိုဗစ်-၁၉ ကပ်ရောဂါရဲ့ သဘာဝဟာ ခေတ်မီဆေးပညာနဲ့တောင် နားလည်ရခက်ပြီး တိုင်းရင်းဆေးအမြင်နဲ့သုံးသပ်ရာမှာလည်း အခုမှဖြစ်ပွားတဲ့ ကပ်ရောဂါမို့ သုတေသနလုပ်ဖို့ အဆင့်အများကြီး လိုအပ်နေသေးတယ်လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် ဆေးဆရာတွေလိုက်နာရမယ့် ကျင့်ဝတ်ကိုဖောက်ဖျက်ပြီး  လူမှုကွန်ရက်တွေမှာ ကိုဗစ်-၁၉ ကာကွယ်ကုသဆေးဆိုပြီး ရောင်းနေကြခြင်းဟာ စနစ်တကျဖွဲ့စည်းထားတဲ့ ပညာရပ်ဖြစ်တဲ့ တိုင်းရင်းဆေးပညာရဲ့ဂုဏ်သိက္ခာကို ထိပါးတာဖြစ်တယ်လို့ တိုင်းရင်းဆေး တက္ကသိုလ် ကျောင်းသားဟောင်းများအသင်း ဥက္ကဋ္ဌ ကိုကျော်သက်နိုင်က ပြောပါတယ်။ "ရောင်းချနေတဲ့ ဆေးတွေဟာ တိုင်းရင်းဆေးလည်း မဟုတ်တဲ့အပြင် လူထုရဲ့တိုင်းရင်းဆေး အပေါ် ယုံကြည်မှုကို အလွဲသုံးစားလုပ်ပြီး စီးပွားရှာသူတွေဖြစ်ပြီး အခုလို မသိနားမလည်တဲ့ လူတွေကို ကိုဗစ်ကုသကာကွယ်ဆေးဆိုပြီး အယုံသွင်းရောင်းချနေသူတွေကို အမြန်ဆုံး အရေးယူ ပေးဖို့ တောင်းဆိုပါတယ်''လို့ တိုင်းရင်းဆေး တက္ကသိုလ်ကျောင်းသားဟောင်းများအသင်းက ပြောပါတယ်။ သတင်း - နွေလှိုင်း(YU)
5 months Ago
Up