အရေးယူရန်

June 12, 2020

ပြည်တွင်းကူးစက်မှုနည်းလာ၍ ပြည်သူများ ကျန်းမာရေးကာကွယ်မှု အားနည်းလာ၊ အရေးယူရန် လိုအပ်

ကိုဗစ်-၁၉ ရောဂါပြည်တွင်းကူးစက်မှုနည်းလာတာကြောင့် ပြည်သူတွေရော တာဝန်ရှိသူ တွေပါ ကျန်းမာရေးကာကွယ်မှု အားနည်းလာပြီး  အရင်လို အရေးယူဒဏ်ရိုက်တာမျိုး လုပ်ဖို့ လိုသေးတယ်လို့ ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုဟာ ပြည်ပနိုင်ငံက ပြန်လာသူတွေမှာသာ အဖြစ်များလာသလို ပြည်တွင်းကူးစက်မှုကျဆင်းလာတဲ့အပေါ် ရန်ကုန်မြို့မှာ နေထိုင်သူတွေအနေနဲ့ လိုက်နာမှုအားနည်းလာပါတယ်။  လူစည်ကားရာနေရာတွေဖြစ်တဲ့ ဈေးတွေနဲ့ YBS ယာဉ်တွေပေါ်မှာ အရင်လို လူစည်ကား လာပေမယ့် ကျန်းမာရေးဝန်ကြီဌာနက ထုတ်ပြန်ထားတဲ့ အပြင်ထွက်တိုင်း Mask တပ်ဖို့အပါအဝင် လက်ကို မကြာခဏဆေးကြောဖို့ စတဲ့ ကျန်းမာရေးကာကွယ်မှုတွေ လုပ်ဆောင်မှုနည်းလာတာပါ။ ပြည်တွင်းကူးစက်မှု ကျဆင်းလာတဲ့အပေါ်  ဈေးတွေမှာ ဈေးရောင်းချသူတွေအားလုံး Mask မတက်ကြတော့သလို ဈေးဝယ်သူတဝက်လောက်လည်း Mask မတပ်ကြတော့တဲ့အပေါ် အသိပေး ကြေညာမှုတွေနဲ့ အရေးယူဒဏ်ရိုက်မှုတွေကို ဇွန်လကုန်အထိလုပ်ဖို့ လိုတယ်လို့ ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ပြောပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားချိန်က စိုးရိမ်မှုတွေနဲ့ ကြောက်ရွံမှုတွေကြောင့် လိုက်နာမှုအားကောင်းခဲ့ပေမယ့် လက်ရှိမှာတော့ စားဝတ်နေရေး အခက်အခဲတွေဖြစ်လာလို့ ရောဂါကူးစက်ခံရမှာ စိုးရိမ်မှုမရှိတော့ဘူးလို့ အနှေးယာဉ်လုပ်သား ကိုမြင့်စိန်က ပြောပါတယ်။ ပြည်တွင်းကူးစက်မှုနှုန်း ကျဆင်းလာတာ၊ စားဝတ်နေရေးခက်ခဲလာတာတွေကြောင့် လူတွေဟာ စိုးရိမ်ပေမယ့် လူစည်ကားရာဈေးတွေမှာ အရင်လို သွားလာနေကြရတယ်လို့ မြောက်ဥက္ကလာပမြို့နယ်မှာ နေထိုင်တဲ့ ဦးကျော်စွာက ပြောပါတယ်။ ရန်ကုန်မှာတော့ Social Distancing ကို ဈေးတွေမှာ လိုက်နာမှုအားနည်းသလို စားသောက်ဆိုင်တွေမှာလည်း အစိုးရညွှန်ကြားချက်အတိုင်း ကာရံထားတဲ့ ဆိုင်အနည်းအကျဉ်းသာ ရှိပြီး စားသုံးသူတွေကလည်း လိုက်နာမှုအားနည်းတဲ့အပေါ် ရောဂါဖြစ်ပွားမှု တတိယလှိုင်းအတွက်  စိုးရိမ်စရာရှိတယ်လို့ ရန်ကုန်မြို့မှာရှိတဲ့ ဆေးရုံအုပ်တဦးက ပြောပါတယ်။  WHO ကိုယ်တိုင် ကိုဗစ်-၁၉ ရောဂါမပြီးသေးဘူးလို့ ကြေညာထားသလို အိန္ဒိယနိုင်ငံကနေတဆင့် ကူးစက်မှုကလည်း စိုးရိမ်စရာဖြစ်နေတာကြောင့် လက်ရှိအချိန်ဟာ စိုးရိမ်စရာအကောင်းဆုံးဖြစ်တယ်လို့ ကျန်းမာရေးဋ္ဌာနတာဝန်ရှိသူက ဆိုပါတယ်။  မြန်မာနိုင်ငံမှာ ဇွန်လ ၁၂ ရက်နေ့ မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၆၁ ဦးရှိပြီလို့ ကျန်းမာရေးဝန်ကြီးဋ္ဌာနက ထုတ်ပြန်ထားပါတယ်။
1 year Ago

May 6, 2020

ငွေချေးမယ်ဆိုပြီး တရားမဝင်ကြိုတင်ငွေကောက်နေသည့် ကုမ္ပဏီများကို အရေးယူရန် စစ်ကိုင်းတိုင်းလွှတ်တော် အတည်ပြု 

စစ်ကိုင်းတိုင်းမှာ ချေးငွေလိုင်စင်မရှိဘဲ ကုမ္ပဏီတချို့က ငွေချေးမယ်ဆိုပြီး ကြိုတင်ကောက်ခံ နေတဲ့အပေါ် တိုင်းအစိုးရကနေ ပြတ်ပြတ်သားသား အရေးယူရေးအဆိုကို တိုင်းဒေသကြီး လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပါတယ်။  ချေးငွေလိုင်စင်မရှိဘဲ တောင်သူတွေကို ငွေချေးမယ်ဆိုကာ မြန်မာမင်္ဂလာသစ်ကုမ္ပဏီနဲ့ အောင်မြင်ချမ်းသာ ပြည်မြန်မာ ကုမ္ပဏီတို့က စစ်ကိုင်းတိုင်းအတွင်း ဝက်လက်၊ ရွှေဘို၊ အရာတော် စတဲ့မြို့နယ်တွေအပြင် တခြားမြို့နယ်တွေမှာ ငွေကြေးကောက်ခံနေတာပါ။  ဒီကိစ္စတွေနဲ့ပတ်သက်ပြီး အစိုးရအနေနဲ့ ပြတ်ပြတ်သားသားအရေးယူရေးအဆိုကို မေလ ၄ ရက်နေ့က ကျင်းပတဲ့ တိုင်းလွှတ်တော်အထူးအစည်းအဝေးမှာ ကိုယ်စားလှယ် ၃ ဦးက ဆွေးနွေးခဲ့ပြီး ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပါတယ်။ ဒီအဆိုကို ဖေဖော်ဝါရီလအတွင်း ကျင်းပခဲ့တဲ့ တိုင်းလွှတ်တော်မှာ ဝက်လက်မြို့နယ် ကိုယ်စားလှယ် ဦးစိုးဝင်းထွန်းက တင်သွင်းခဲ့တာပါ။  ဒီကိစ္စနဲ့ပတ်သက်ပြီး အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနကနေ အရာတော်၊ ရွှေဘို၊ ဝက်လက်၊ ကသာ၊ ဝန်းသိုမြို့တွေမှာ စုံစမ်းစစ်ဆေးခဲ့ပြီး တရားမဝင် ငွေကြေးကောက်ခံတာ ပေါ်ပေါက်ခဲ့ပါတယ်။ ဒါ့ကြောင့် မြန်မာမင်္ဂလာသစ်ကုမ္ပဏီနဲ့  အောင်မြင်ချမ်းသာ ပြည်မြန်မာကုမ္ပဏီတို့က ဒါရိုက်တာအဆင့်ရှိသူတွေအပါအဝင် လူ ၉ ဦးကို အရာတော်မြို့နဲ့ ဝန်းသိုမြို့တို့မှာ အသေးစားငွေရေးကြေးရေးလုပ်ငန်းဥပဒေအမှတ် ၅၇၊ ရာဇသတ်ကြီးပုဒ်မ ၁၀၉ တို့နဲ့ မတ်လက တရားစွဲဆိုထားပါတယ်။ အခုလို ငွေချေးလုပ်ငန်းတွေကို ကုမ္ပဏီအမည်ခံတွေတင်မက တချို့နိုင်ငံရေး အဖွဲ့အစည်း တွေရဲ့ ကျောထောက်နောက်ခံနဲ့ ဆောင်ရွက်နေတာတွေလည်း ရှိနေတယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။ စာရင်းတွေအရ စစ်ကိုင်းတိုင်းအတွင်းမှာ တရားဝင်ငွေချေးလုပ်ငန်းလုပ်ကိုင်တာ ၄၆ ခုရှိပြီး INGO ၁ ခု၊ NGO ၅ ခု၊ အစုစပ်ကုမ္ပဏီ ၁ ခု၊ ပြည်တွင်းကုမ္ပဏီ ၁၉ ခု၊ ပြည်ပကုမ္ပဏီ ၂၀ ခု ရှိပါတယ်။ 
1 year Ago
More News
Up