အရေးယူထားသူ ၅၂၅ ဦး

September 27, 2020

ကိုဗစ်စည်းကမ်းချက်မလိုက်နာသဖြင့် ၁ ပတ်အတွင်း အရေးယူထားသူ ၅၂၅ ဦးရှိ

ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်မလိုက်နာတာကြောင့် တပတ်အတွင်း အရေးယူခံခဲ့ရသူ ၅၂၅ ယောက် ရှိတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။  ကိုဗစ်-၁၉ ရောဂါ သတ်မှတ်စည်းကမ်းချက်တွေ မလိုက်နာတဲ့ ကေတီဗွီ၊ ဘားနဲ့ တရားမဝင်အနှိပ်ခန်းဖွင့်လှစ်နေမှုတွေ၊ ညမထွက်ရအချိန် ကျော်လွန်ပြီး အကြောင်းမဲ့ သွားလာနေမှုတွေ၊ နှာခေါင်းစည်းမတပ်ဆင်ဘဲ စည်းကမ်းမဲ့သွားလာနေမှုတွေကို အရေးယူခဲ့တာလို့ ဆိုပါတယ်။ စက်တင်ဘာလ ၁၉ ရက်မှ ၂၅ ရက်အထိ တပတ်အတွင်း ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးက ပြည့်တန်ဆာအိမ် ၂ အိမ်၊ တရားမဝင် ကေတီဗွီဆိုင် ၁ ဆိုင်တို့က ပိုင်ရှင်၊ မန်နေဂျာ၊ လုပ်ကိုင်သူ တရားခံ အမျိုးသား ၈ ဦး၊ အမျိုးသမီး ၁၈ ဦး၊ စုစုပေါင်း ၂၆ ဦးကို အရေးယူခဲ့တယ်လို့ ဆိုပါတယ်။ ညမထွက်ရအမိန့် ကျူးလွန်တာကြောင့် ရာဇသတ်ကြီးပုဒ်မ ၁၈၈ နဲ့ အရေးယူခဲ့ရတဲ့ အမှုပေါင်း ၇၃ မှု၊ ကျူးလွန်သူ အမျိုးသား ၁၄၁ ဦး၊ အမျိုးသမီး ၈ ဦး၊ စုစုပေါင်း ၁၄၉ ဦး နဲ့ နှာခေါင်းစည်းမတပ်ဆင်ဘဲ သွားလာတာကြောင့် ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးဥပဒေပုဒ်မ-၁၅ နဲ့ အမှုပေါင်း ၃၀၄ မှု၊ ကျူးလွန်သူ အမျိုးသား ၂၇၂ ဦး၊ အမျိုးသမီး ၇၈ ဦး၊ စုစုပေါင်း ၃၅၀ ဦးတို့ကို အသီးသီး အရေးယူဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နှာခေါင်းစည်းမတပ်ဆင်ဘဲ သွားလာတာကြောင့် အရေးယူရတဲ့အမှု မလျော့ကျသွားဘဲ တိုးလာနေလို့ ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်ကြဖို့နဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်တွေကို အလေးထား လိုက်နာဆောင်ရွက်ကြေဖို့ ရဲတပ်ဖွဲ့က အသိပေးနှိုးဆော်ထားပါတယ်။
7 months Ago
Up