အရေးပေါ်အမိန့်

October 20, 2020

အရေးပေါ်အမိန့်ထုတ်ပြန်ပြီးနောက် ဘန်ကောက်တွင် လူထောင်ချီ ဆက်လက်ဆန္ဒပြနေ

ထိုင်းနိုင်ငံမှာ အရေးပေါ် အမိန့်ထုတ်ပြန်ပြီး ၅ ရက်အကြာ အောက်တိုဘာ ၁၉ ရက်က ဘန်ကောက်မြို့ လမ်းဆုံလမ်းခွမှာ ဆန္ဒပြသူ ထောင်ချီပြီး စုဝေးခဲ့ပါတယ်။ ဂျင် ဆိုတဲ့ ဆယ်ကျော်သက် ဆန္ဒပြသူတစ်ဦးကလည်း ခေါင်းဆောင်တွေ မရှိဘဲ တစ်ဦးကို တစ်ဦး အပြန်အလှန်အားကိုးပြီး စည်းကမ်းတကျ ဆန္ဒပြနိုင်မယ် ထင်ပါတယ်လို့ ပြောပြခဲ့ပါတယ်။ ဒီလို စိန်ခေါ်မှု ကြီးထွားနေချိန်မှာ ၅ ယောက်ထက် ပိုလူစုလူဝေးမလုပ်ဖို့ တားမြစ်ထားပြီး အမျိုးသားလုံခြုံရေးကို ထိခိုက်နိုင်တဲ့ သတင်းနဲ့ အွန်လိုင်းသတင်းတွေကို အစိုးရက အောက်တိုဘာ ၁၅ ရက်မှာ တားမြစ်ခဲ့ပါတယ်။ ဆန္ဒပြသူတွေက ဘုရင်စနစ်မှာ ပြုပြင်ပြောင်းလဲရေးလုပ်ပြီး ဘုရင့်အာဏာကို လျှော့ချဖို့ ကျယ်ကျယ်လောင်လောင် ပြောလာပါတယ်။ ဆန္ဒပြသူတွေက စစ်အာဏာသိမ်းခေါင်းဆောင်ဟောင်း ဝန်ကြီးချုပ် ပရာယွတ်ကိုလည်း ရာထူးက နုတ်ထွက်ပေးဖို့ တောင်းဆိုပါတယ်။ ဒါပေမဲ့ ပရာယွတ်ကတော့ နုတ်ထွက်ပေးမှာ မဟုတ်ဘူးလို့ အောက်တိုဘာ ၁၉ ရက်က ပြောဆိုခဲ့ပြီး ဒီအခြေအနေကို ဆွေးနွေးဖို့ အထူးလွှတ်တော်အစည်းဝေး ခေါ်ယူဖို့ အဆိုပြုသွားမယ်လို့ ဆိုပါတယ်။  ထိုင်းလွှတ်တော်မှာ ဝန်ကြီးချုပ်ပရာယွတ်ကို ထောက်ခံသူတွေက နေရာအများစု ရထားတယ်လို့  ရိုက်တာသတင်းမှာ ရေးပါတယ်။ 
2 years Ago
Up